ယူကရိန်း ပြဿနာနှင့် ပတ်သက်၍ အိန္ဒိယ၏ ရပ်တည်ချက်ကို Quad ခေါင်းဆောင်များ အသိအမှတ်ပြု

ယူကရိန်း ပြဿနာနှင့် ပတ်သက်၍ အိန္ဒိယ၏ ရပ်တည်ချက်ကို Quad ခေါင်းဆောင်များ အသိအမှတ်ပြု

ယူကရိန်းနိုင်ငံ ကိယစ်ဗ်မြို့တွင် ဖြစ်ပွားနေသည့်အခြေအနေများကြောင့် စားနပ်ရိက္ခာ၊ စွမ်းအင်လိုအပ်ချက်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာများကို အရေးတကြီး ဖြေရှင်းရန် လိုအပ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အလေးထားပြောကြားမှုအပေါ် ၄နိုင်ငံ Quad မိတ်ဘက်အဖွဲ့ ခေါင်းဆောင်များက မေ ၂၄ ရက်တွင် အသိအမှတ်ပြုလိုက်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝင် ဗီနေးမိုဟန်ကာဝက်ထရာက ပြောကြားသည်။

‌“ယူကရိန်းမှာ ပြဿနာများ အမြန်ပြီးဆုံးရေးအတွက် အိန္ဒိယရဲ့ ရပ်တည်ချက်နဲ့ လက်ရှိအခြေအနေ ဖြေရှင်းရေးအတွက် ဆွေးနွေးမှုနဲ့ သံတမန်လမ်းကြောင်းကို ရွေးချယ်ဖို့ တိုက်တွန်းချက်ကို ယေဘုယျအားဖြင့် အသိအမှတ် ပြုခဲ့ကြပါတယ်။ တစ်နိုင်ငံချင်းစီရဲ့ သဘောထားနဲ့ပတ်သက်ပြီး သံသယမရှိပါဘူး” ဟု မေ ၂၄ ရက်က ပြုလုပ်ခဲ့သည့် အထူးသတင်းစာရှင်းလင်းပွဲတွင် ကာဝက်ထရာက ပြောကြားသည်။

ယူကရိန်းတွင် အစားအစာ၊ ကုန်ပစ္စည်းထုတ်လုပ်ရေး ကွင်းဆက်များအတွက် စွမ်းအင်လိုအပ်ချက်များအပါအဝင် ဆိုးရွားနေသည့်အခြေအနေများနှင့် ပတ်သက်၍ Quad ခေါင်းဆောင်များက အဖြေရှာရန် အလေးထား ဆွေးနွေးခဲ့ကြသည်။

‌“အိန္ဒိယက ယူကရိန်းကို ပေးထားတဲ့ အရေးပေါ် ကူညီထောက်ပံ့မှု ကိစ္စတွေကိုလည်း ဝန်ကြီးချုပ်မိုဒီက အလေးထားပြောကြားခဲ့ပါတယ်” ဟု ကာဝက်ထရာက ပြောကြားသည်။

ရုရှားက ယူကရိန်းအား ဖေဖော်ဝါရီ ၂၄ ရက်က ဝင်ရောက်တိုက်ခိုက်ပြီးနောက် အမေရိကန်နှင့် ဥရောပနိုင်ငံများက ယင်းလုပ်ရပ်ကို ပြစ်တင်ရှုတ်ချကာ ပိတ်ဆို့အရေးယူမှုများကို လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required