ရှင်ကျန်းမှ ဝီဂါအားကစားနည်းပြကို တရုတ်အာဏာပိုင်များက ဖမ်းဆီးထားကြောင်း အတည်ပြု

ရှင်ကျန်းမှ ဝီဂါအားကစားနည်းပြကို တရုတ်အာဏာပိုင်များက ဖမ်းဆီးထားကြောင်း အတည်ပြု

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသရှိ တက္ကသိုလ်တစ်ခုတွင် အလုပ်လုပ်နေသော ဝီဂါအားကစား နည်းပြတစ်ဦးကို တရုတ်အာဏာပိုင်များက ၂၀၁၇ ခုနှစ်တွင် ဖမ်းဆီးခဲ့ကြောင်း ယင်းဖြစ်စဉ်နှင့်နီးစပ်သူများနှင့် ဒေသဆိုင်ရာအရာရှိများက ပြောသည်။

ဘက်တီယာအဗ္ဗဒူဝေလီသည် ဂူလ်ဂျာမြို့ရှိ အီလီသင်ကြားနည်းပညာတက္ကသိုလ်တွင် အလုပ်လုပ်ခဲ့သည်။

အစောပိုင်း RFA သတင်းအရ ဘက်တီယာအဗ္ဗဒူဝေလီသည် ထိန်းသိမ်းခံထားရသည့် တက္ကသိုလ် ကျောင်းဆရာများအနက် တစ်ဦးဖြစ်သည်။

ဝီဂါလူ့အဖွဲ့အစည်းတွင် ၎င်း၏ ဦးဆောင်မှုကဏ္ဍကြောင့် အဗ္ဗဒူဝေလီကို လွန်ခဲ့သော ၅ နှစ်က ဖမ်းဆီးခဲ့ရကြောင်း ဂူလ်ဂျာရှိ တရုတ်အစိုးရအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

အီလီသင်ကြားနည်းပညာတက္ကသိုလ်မှ ဝီဂါဆရာများသည် ၎င်းတို့၏ ပညာရပ်ဆိုင်ရာ သုတေသနနှင့် သင်ကြားမှု အပါအဝင် ဝီဂါရိုးရာများနှင့် ဓလေ့ထုံးတမ်းများအားဖြင့် ဝီဂါလူ့အဖွဲ့အစည်းအား ကာလကြာရှည်စွာ လွှမ်းမိုး နိုင်ခဲ့ကြသည်။

တက္ကသိုလ်မှ ဝီဂါဆရာ ၃၀ ကျော်သည် ၁၉၉၀ ခုနှစ်များနှင့် ၂၀၀၀ ခုနှစ်များအစောပိုင်းတွင် ဝီဂါယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ဂုဏ်ပြုသည့် meshrep ခေါ် စုဝေးပွဲကို စီစဉ်ကျင်းပခဲ့ကြသည်။ ၎င်းအခမ်းအနားများတွင် များသောအားဖြင့် ကဗျာ၊ ဂီတ၊ အကနှင့် စကားဝိုင်းများ ပါဝင်သည်ဟု ဝီဂါသတင်းရင်းမြစ်က ဆိုသည်။ အဆိုပါစုဝေးပွဲများကို အဗ္ဗဒူဝေလီနှင့် မာ့က်စ်ဝါဒအင်စတီကျု၏ တရုတ်ကွန်မြူနစ်ပါတီအတွင်းရေးမှူး အဗ္ဗဒူလာ အစ္စမေးလ်တို့က ကျင်းပခြင်းဖြစ်သည်။ အစ္စမေးလ်သည်လည်း ယခုအခါ ဖမ်းဆီးခံထားရသည်။

ထိုစုဝေးပွဲများသည် ဝီဂါဓလေ့ထုံးတမ်းများကို တန်ဖိုးထားရန် ဂူလ်ဂျာရှီ ဝီဂါအများကို တွန်းအား ပေးခဲ့သော်လည်း စုဝေးမှုသည် တရုတ်ကွန်မြူနစ်ပါတီမူဝါဒနှင့် မကိုက်ညီဟု တရုတ်အရာရှိများအကြား စိုးရိမ်လာခဲ့ကြသည်။

၂၀၁၇ ခုနှစ်တွင် တရုတ်အာဏာပိုင်များက ဝီဂါများအပေါ် ဖိနှိပ်မှုများ အရှိန်မြှင့်လာချိန်တွင် အဆိုပါ စုဝေးပွဲသည် 'ဘာသာရေးအစွန်းရောက်ဝါဒ' နှင့် 'လူမျိုးရေးခွဲထွက်ရေးဝါဒဖြန့်ချိရေးပလက်ဖောင်း' တစ်ခုဖြစ်ကြောင်း တရားဝင်ကြေညာခံခဲ့ရသည်။

ထို့ကြောင့် အာဏာပိုင်များသည် စုဝေးမှုတွင် ပါဝင်ခဲ့သည့် တက္ကသိုလ်ဆရာများကို စတင်စုံစမ်းစစ်ဆေးခဲ့ပြီး အဗ္ဗဒူဝေလီသည် ပထမဆုံး ဖမ်းဆီးခံခဲ့ရကြောင်း ဝီဂါသတင်းရင်းမြစ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly