အင်ဒိုနီးရှားနှင့်အမေရိကန်က တောင်တရုတ်ပင်လယ်ကို စစ်ရေးလေ့ကျင့်ရာ အဓိကနေရာအဖြစ် ရှုမြင်ထား

By The Print
29 May 2022
အင်ဒိုနီးရှားနှင့်အမေရိကန်က တောင်တရုတ်ပင်လယ်ကို စစ်ရေးလေ့ကျင့်ရာ အဓိကနေရာအဖြစ် ရှုမြင်ထား

အင်ဒိုနီးရှားသည် တရုတ်ကပိုင်ဆိုင်ကြောင်း ပြောဆိုထားသည့် ပိုင်နက်နယ်နိမိတ်မျဉ်းနှင့် တောင်တရုတ် ပင်လယ်အတွင်း တရုတ်၏ ရေကြောင်းချဲ့ထွင်ရာ ပဋိပက္ခနေရာအနီးဖြစ်သည့် နာတူနာကျွန်းများတွင် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် စဉ်းစားလျက်ရှိသည်။

ကျွန်းများသည် ယခုနှစ် ဩဂုတ် ၁ ရက်မှ နှစ်ပတ်ကြာ ကျင်းပရန် စီစဉ်ထားသော Garuda Shield စစ်ရေးလေ့ကျင့်ရာနေရာများထဲမှ တစ်ခုဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ Nikkie Asia က ဖော်ပြခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ၂၀၀၇ ခုနှစ်ကတည်းက အမေရိကန်နှင့် အင်ဒိုနီးရှားစစ်တပ်တို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်ဟု ဆိုသည်။

ကျွန်းပတ်လည်ရှိ အင်ဒိုနီးရှား၏ သီးသန့်စီးပွားရေးဇုန်သည် တောင်တရုတ်ပင်လယ်အတွင်း စီရင်ပိုင်ခွင့် သတ်မှတ်ရန် တရုတ်ကရေးဆွဲထားသော nine-dash line ခေါ် ရေကြောင်းနယ်နိမိတ်နှင့် တစ်စိတ်တစ်ပိုင်း ထပ်နေသည်။

နာတူနာကျွန်းသည် nine-dash line ၏ အပြင်ဘက်တွင် တည်ရှိသော်လည်း တရုတ်ငါးဖမ်းလှေများနှင့် အစိုးရသင်္ဘောများကို ကျွန်းများအနီးတွင် တွေ့ရှိရပြီး အင်ဒိုနီးရှားကလည်း ကျွန်းစုတွင် တပ်စွဲထားသည်။

အင်ဒိုနီးရှားသည် နာတူနာဧရိယာတွင် အမေရိကန်နှင့် ကမ်းတက်စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် အစီအစဉ်များကို စူးစမ်းလျက်ရှိသည်။ အကယ်၍ အဆိုပါ စစ်ရေးလေ့ကျင့်မှု ဖြစ်မြောက်ပါက ရန်သူတပ်များ သိမ်းပိုက်ထားသော ကျွန်းများ ပြန်လည်ရရှိရေးကို မျှော်မှန်းနိုင်မည်ဖြစ်သည်။

ယခုနှစ် Garuda Shield စစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူများအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံ ပါဝင်မည်ဖြစ်သည်။ ၎င်းတို့တွင် အမေရိကန်၏ မဟာမိတ်များဖြစ်သည့် ဗြိတိန်၊ သြစတြေးလျနှင့် ကနေဒါတို့ အပါအဝင် အင်ဒိုနီးရှား၏ အိမ်နီးချင်း စင်ကာပူနှင့် မလေးရှားတို့လည်း ပါဝင်သည်။

ထို့အပြင် ဂျပန့်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့သည်လည်း Garuda Shield စစ်ရေးလေ့ကျင့်မှုတွင် ပထမဆုံးအကြိမ်ပါဝင်မည်ဖြစ်သည်။

Quad လုံခြုံရေးမူဘောင်ကို တရုတ်ဆန့်ကျင်သည့် ဒေသတွင်း တန်ပြန်မှုတစ်ခုအဖြစ် ထူထောင်ထားခြင်းဖြစ် သည်။ သို့သော် ဂျပန်၊ အမေရိကန်နှင့် သြစတြေးလျ ၃ နိုင်ငံသာ Garuda Shield ပါဝင်မည်ဖြစ်ပြီး စတုတ္ထအဖွဲ့ဝင်ဖြစ်သည့် အိန္ဒိယနိုင်ငံ မပါဝင်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required