အာဖဂန်လေဆိပ်များ လည်ပတ်ရေး တာလီဘန်တို့ ယူအေအီးနှင့် သဘောတူညီချက် လက်မှတ်ထိုး

အာဖဂန်လေဆိပ်များ လည်ပတ်ရေး တာလီဘန်တို့ ယူအေအီးနှင့် သဘောတူညီချက် လက်မှတ်ထိုး

အာဖဂန်နစ္စတန်နိုင်ငံရှိ လေဆိပ်များ လည်ပတ်ရေးနှင့် ပတ်သက်ပြီး ယူအေအီး (အာရပ်စော်ဘွားများ ပြည်ထောင်စု) နိုင်ငံနှင့် သဘောတူညီချက်တစ်ရပ်ကို တာလီဘန်တို့ လက်မှတ်ရေးထိုးလိုက်ကြောင်း အဆိုပါ အဖွဲ့၏ သယ်ယူပို့ဆောင်ရေးနှင့် အရပ်ဘက် လေကြောင်းဆိုင်ရာ ဝန်ကြီးက မေ ၂၄ ရက်တွင် ပြောသည်။

သဘောတူညီချက်မတိုင်မီက တာလီဘန်တို့သည် ယူအေအီး၊ တူရကီ၊ ကာတာတို့နှင့် လများနှင့်ကြာ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ထားခဲ့သည်။

တာလီဘန်တို့၏ သယ်ယူပို့ဆောင်ရေးနှင့် အရပ်ဘက် လေကြောင်းဆိုင်ရာ ဒုဝန်ကြီး ဂူလမ် ဂျေလာနီ ဝါဖာသည် သဘောတူညီချက်တစ်ရပ်ကို GAAC ကော်ပိုရေးရှင်း ကိုယ်စားလှယ်တစ်ဦးနှင့် မေ ၂၄ ရက်က လက်မှတ်ထိုးခဲ့ခြင်းဖြစ်ပြီး အဆိုပါ လက်မှတ်ထိုးပွဲကို တာလီဘန် ဒုဝန်ကြီးချုပ် မူလာ အဗ္ဗဒူလ် ဂါနီ ဘာရာဒါ တက်ရောက်ခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ လုံခြုံရေးသည် ခိုင်မာအားကောင်းကြောင်းနှင့် တာလီဘန် အာဏာပိုင်တို့အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့်အတူ လက်တွဲ အလုပ်လုပ်ရန် ဆန္ဒရှိကြောင်း မူလာ ဘာရာဒါက သဘောတူညီချက် လက်မှတ်ထိုးပွဲ အခမ်းအနားတွင် ပြောသည်။

ယခု သဘောတူညီချက် လက်မှတ်ရေးထိုးမှုနှင့်အတူ နိုင်ငံခြားလေကြောင်းလိုင်းအားလုံးအနေဖြင့် အာဖဂန်နစ္စတန်သို့ ဘေးကင်းစွာနှင့် ယုံကြည်စွာ စတင် ပျံသန်းနိုင်လိမ့်မည် ဖြစ်သည်ဟု ဘာရာဒါက ပြောသည်။

“ကျွန်တော်တို့ဟာ ပြင်းထန်ကြီးလေးတဲ့ အရေးပေါ် အနေအထားတစ်ခုအောက်မှာ ရှိခဲ့ချိန်တုန်းက ယူအေအီးဟာ ကျွန်တော်တို့ကို နည်းပညာ အကူအညီနှင့် လေဆိပ်  ပြုပြင်မှုတွေကို အခမဲ့ ကူညီပေးခဲ့ပါတယ်” ဟု ဂူလမ် ဂျေလာနီ ဝါဖာက ပြောသည်။

“ဂျီအေအေစီ ကော်ပိုရေးရှင်းဟာ ယူအေအီးမှာ လေကြောင်း ပျံသန်းမှု‌ ဝန်ဆောင်မှုတွေ ပေးနေတဲ့ နိုင်ငံစုံ အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly