IMF ၏ တောင်းဆိုချက်များကို အကောင်အထည်ဖော်ရန် ပါကစ္စတန်အစိုးရ သဘောတူ

By Zee5
27 May 2022
IMF ၏ တောင်းဆိုချက်များကို အကောင်အထည်ဖော်ရန် ပါကစ္စတန်အစိုးရ သဘောတူ

ပါကစ္စတန် အစိုးရသည် နိုင်ငံတွင် ဆိုးရွားသော စီးပွားရေးအကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့နေရစဉ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ နောက်ထပ်ချေးငွေများ ရရှိနိုင်ရန်အလို့ငှာ IMF ဘက်က တင်ပြထားသော တောင်းဆိုချက်များအနက် အများစုကို အကောင်အထည်ဖော်ရန် နောက်ဆုံးတွင် သဘောတူပေးလိုက်ပြီ ဖြစ်သည်။

ပါကစ္စတန်နှင့် IMF အကြား လုပ်ဆောင်ခဲ့သော ဆွေးနွေးမှုများအတွင်း ချေးငွေ ပမာဏနှင့် ချေးငွေသက်တမ်း ကာလတို့ကို တိုးမြှင့်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Express Tribune မီဒီယာက ဖော်ပြသည်။

ဆွေးနွေးမှု၏ ကနဦးအဆင့်အတွင်း IMF က တင်ပြသော တောင်းဆိုချက် အများစုကို လက်ခံရန် ပါကစ္စတန် ဘက်က သဘောတူခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ထပ်မံ ပြောဆိုသည်။

ပါကစ္စတန် အာဏာပိုင်တို့သည် အဓိကမဟုတ်သော လုပ်ငန်းခွဲများကို လျှော့ချခြင်းနှင့် ပုဂ္ဂလိကပိုင် ပြုခြင်းအတွက် သတ်မှတ်ကာလတို့ကို ခေါင်းညိတ်လက်ခံခဲ့သည်။

ပါကစ္စတန်နှင့် IMF တို့သည် ဆွေးနွေးမှုများကို မေလ ၂၃ ရက်အထိ ဆက်လက်လုပ်ဆောင်ခဲ့သည်။

အဆိုပါ ဆွေးနွေးမှုများသည် ပါကစ္စတန်၏ လက်ရှိအစိုးရဘက်က နိုင်ငံကို စီးပွားရေးအရ လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိစေရေး ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။

ပါကစ္စတန်အစိုးရသည် အရေးကြီးသော ဘဏ္ဍာငွေများ ရရှိနိုင်ရေးအတွက် မေလ ၁၈ ရက်က ကာတာနိုင်ငံ မြို့တော် ဒိုဟာတွင် IMF နှင့် ဆွေးနွေးမှုများကို စတင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly