ပါကစ္စတန် မြောက်ပိုင်း ဝါဇီရစ္စတန်ဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံး

ပါကစ္စတန် မြောက်ပိုင်း ဝါဇီရစ္စတန်ဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း ဝါဇီရစ္စတန် ဒေသရှိ စစ်ဆေးရေးဂိတ်တစ်ခု၌ မေ ၂၃ ရက်က အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခဲ့မှုကြောင့် ပါကစ္စတန် စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ARY News က ဖော်ပြသည်။

“မေ ၂၃ ရက်က အကြမ်းဖက်သမားတွေဟာ မြောက်ပိုင်း ဝါဇီရစ္စတန် ဒေသရဲ့ မီအာ အလီ ဧရိယာမှာ ရှိတဲ့ စစ်တပ် စစ်ဆေးရေးစခန်းတစ်ခုကို စီးနင်းပစ်ခတ်မှု လုပ်ခဲ့ပါတယ်။ စစ်သားတွေကလည်း ချက်ချင်း ပြန်လည် တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်” ဟု ပါကစ္စတန် စစ်တပ်၏ မီဒီယာဌာနဖြစ်သည့် မီဒီယာနှင့် အများပြည်သူ ဆက်ဆံရေးဌာန (ISPR) က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်သားနှစ်ဦးဖြစ်သည့် အသက် ၂၀ နှစ်ရှိ စီပွိုင် ဇာဟို ခန်း နှင့် အသက် ၂၃ နှစ်ရှိ စီပွိုင် ရာဟင်းမ် ဂူလ် တို့ သေဆုံးခဲ့ကြောင်း ARY News က ဖော်ပြသည်။

ယင်းဖြစ်စဉ် မတိုင်မီ ပြီးခဲ့သည့် ဧပြီ ၁၅ ရက်ကလည်း မြောက်ပိုင်း ဝါဇီရစ္စတန် ဒေသ အာဖဂန်နစ္စတန် နယ်စပ်အနီး၌ စစ်ယာဉ်တန်းတစ်ခုကို အကြမ်းဖက်သမားများက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းကြောင့် ပါကစ္စတန် စစ်သား ၇ဦး သေဆုံးခဲ့သည်။

ဧပြီ ၁၄ ရက်က မျိုးနွယ်စု ခရိုင်၏ အစ်ရှမ် ဧရိယာတွင် လုံခြုံရေးတပ်ဖွဲ့များ၏ ယာဉ်တစ်စီးကို အကြမ်းဖက် သမားများက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စစ်တပ် မီဒီယာဌာနက ပြောသည်။

ထိုဖြစ်စဉ်တွင် စစ်သားများသည် တိုက်ခိုက်သူများကို ထိရောက်စွာ ပြန်လည်ပစ်ခတ်ရင်း မဆိုင်းမတွ တုံပြန်ခဲ့သည်။ အဆိုပါ အပြန်အလှန် ပစ်ခတ်မှုအတွင်း အကြမ်းဖက်သမား ၄ဦး သေဆုံးခဲ့ကြောင်း ARY News က ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံတွင် နယ်စပ် ဧရိယာများ၊ အထူးသဖြင့် မြောက်ပိုင်း ဝါဇီရစ္စတန် ဒေ‌သ၌ မကြာသေးခင်က အကြမ်းဖက်သမားများ၏ လှုပ်ရှားတိုက်ခိုက်မှုဖြစ်စဉ်များ မြင့်တက်ထားခဲ့ကြောင်း နိုင်ငံ၏ ပြည်တွင်း တိုင်းရင်းဘာသာ မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly