စစ်ကောင်စီခေါင်းဆောင်က မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ထားကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြော

စစ်ကောင်စီခေါင်းဆောင်က မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ထားကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြော

မေလ ၂၈ ရက်

မြန်မာနိုင်ငံသို့ မကြာမီ လာရောက်ရန်အတွက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သူမအား ဖိတ်ခေါ်ထားသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် နိုလင်း ဟေဇာက ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်အား ပြောပြီး သူမအနေဖြင့် သွားရောက်ရန် စီစဉ်ထားသော်လည်း မသွားရောက်ခင် အခြေအနေနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်၏ အမြင်ကို သိလိုကြောင်း မှတ်ချက်ပြုဆိုခဲ့သည်ဟု သိရသည်။

ဟွန်ဆန်နှင့် နိုလင်း ဟေဇာတို့သည် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်တွင် မေ ၂၂-၂၆ က ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် ပြင်ပန်းတွင် တွေ့ဆုံပြောဆိုခဲ့ကြသည်ဟု ဝန်ကြီးချုပ်၏ ကိုယ်စားလှယ် ဝန်ကြီးတစ်ဦးဖြစ်သည့် Kao Kim Hourn က ပြောသည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခ အဆုံးသတ်ရေးအတွက် နည်းလမ်းရှာရန်နှင့် လိုအပ်နေသူများသို့ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးနိုင်ရန် အပြင် သက်ဆိုင်ပါဝင်သူ အားလုံးကြား ဆွေးနွေးပွဲများ ပေါ်ပေါက်ရေးတို့အတွက် ကမ္ဘောဒီးယားသည် အကူအညီပေးရန် ရှိနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က နိုလင်း ဟေဇာအား ပြောခဲ့ကြောင်း သိရသည်။ 

“မြန်မာနိုင်ငံမှာ ဆိုင်ရာအလုပ် လုပ်ဆောင်ဖို့ရာ အရေးကြီးပေမယ့် မလွယ်ကူကြောင်းကို ဟွန်ဆန်က အသားပေး ပြောဆိုခဲ့ပါတယ်၊ ဒါပေမဲ့ ကမ္ဘောဒီးယားဟာ မြန်မာကို အကူအညီ ဆက်ပေးသွားဖို့ ရှိတယ်ဆိုတာနဲ့ အထူးသဖြင့် အာဆီယံ ဥက္ကဋ္ဌအနေနဲ့ မိမိတို့ရဲ့ အခန်းကဏ္ဍကို ဖြည့်ဆည်းသွားမယ်ဆိုတဲ့အကြောင်းကို ဟွန်ဆန်က အလေးထား ပြောဆိုခဲ့ပါတယ်”ဟု Kao Kim Hourn က ပြောသည်။ 

မြန်မာနိုင်ငံအား ကူညီရာတွင် ဦးစားပေး သုံးရပ်ကို ဟွန်ဆန်က ပြောဆိုသည်။ ပထမ ဦးစားပေးမှာ အမြဲတမ်း အပစ်ရပ်ရေးမှတစ်ဆင့် အကြမ်းဖက်မှုများ အဆုံးသတ်ရေး ဖြစ်သည်။ ဒုတိယမှာ ပိုမို၍ လိုအပ်နေသော ပြည်သူများထံ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးအပ်နိုင်ရေးဖြစ်ပြီး တတိယမှာ သက်ဆိုင်ရာ ပါဝင်သူအားလုံးနှင့် အပြုသဘောဆောင်သော ဆွေးနွေးပွဲများ ကျင်းပရေးတို့ ဖြစ်သည်။ 

မြန်မာပြည်သူများအား ကူညီခြင်းအတွက် နိုလင်း ဟေဇာက ဟွန်ဆန်အား ကျေးဇူးတင်ကြောင်း ပြောဆိုပြီး ဝန်ကြီးချုပ်၏ မှတ်ချက်စကားများကို အလေးစိုက်သွားရန် မျှော်လင့်ထားကြောင်း ဆိုသည်။ မြန်မာနိုင်ငံတွင် အရပ်သားများကို အကြမ်းဖက်မှုများ လျော့ကျရန် နည်းလမ်းရှာဖွေခြင်းသည် လက်ရှိ၌ အရေးကြီးသော အရာဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ကမ္ဘောဒီးယား၏ ကြိုးပမ်းအားထုတ်မှုများသည် အရေးကြီးသော ကိစ္စရပ်များ၌ ဘုရင့်တိုင်းပြည်၏ စွမ်းဆောင်နိုင်စွမ်းကို ပြသလျက်ရှိသည်ဟုလည်း ဟေဇာက ပြောသည်။ အထူးသဖြင့် မြန်မာနိုင်ငံသို့ ဝန်ကြီးချုပ်၏ ခရီးသွားရောက်ခဲ့ခြင်းနှင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ခြင်းတို့ကို ၎င်းက အဓိက ပြောဆိုခြင်း ဖြစ်သည်။ 

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တို့တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သကဲ့သို့ ဇန်နဝါရီ နှောင်းပိုင်းတွင်လည်း ဒုတိယအကြိမ်အဖြစ် မင်အောင်းလှိုင်နှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly