အနားယူသည့် အရာရှိများပင် ဘာသာရေးကို ရှောင်ရမည်ဟု တရုတ်ကွန်မြူနစ်ပါတီ ညွှန်ကြား

အနားယူသည့် အရာရှိများပင် ဘာသာရေးကို ရှောင်ရမည်ဟု တရုတ်ကွန်မြူနစ်ပါတီ ညွှန်ကြား

ပေကျင်း၊ ဖေဖော်ဝါရီ - ၅ ။              ။ ကွန်မြူနစ်ပါတီဝင်လည်းဖြစ်သည့် တရုတ်အရာရှိများကို အနားယူသွားသည့် အချိန်တွင်လည်း ဘာသာရေးလှုပ်ရှားမှုများမှ ပိတ်ပင်ထားသည့်အပြင် အစိုးရက ကိုးကွယ်ယုံကြည်မှုဟု ပညတ်ထားသည့် အရာများကိုလည်း ဆန့်ကျင်ရမည်ဖြစ်သည်ဟု ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေက လွတ်လပ်စွာ ယုံကြည်ကိုးခွင့်ကို ကြေညာထားသော်လည်း တရားဝင်အားဖြင့် ဘာသာမဲ့ဖြစ်သည့် အာဏာရကွန်မြူနစ်ပါတီက ဘာသာရေးလှုပ်ရှားမှုများကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားသည့်အပြင် ပါတီဝင်များလည်းဖြစ်သည့် အရာရှိများအား ဘာသာရေးထုံးတမ်းများ ကျင့်သုံးခြင်းကိုလည်း ခွင့်ပြုမထားပေ။

အဓိကသတင်းစာကြီးများတွင် ပုံနှိပ်ဖော်ပြခဲ့သည့် စည်းမျဉ်းအသစ်များကို ရှင်းပြချက်တွင်မူ ပုဂ္ဂလိက ဆုံးဖြတ်ချက်များကို ကွပ်ကဲသည့် ပါတီ၏ သြဇာကြီးမားသော အဖွဲ့အစည်းဌာနက ပါတီဝင်များ လည်းဖြစ်သည့် အငြိမ်းစားအရာရှိများအနေဖြင့်လည်း စည်းမျဉ်းများကို လိုက်နာကြရလိမ့်မည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

‘ပါတီဝင်များလည်းဖြစ်သည့် အငြိမ်းစားအရာရှိတွေအနေနဲ့ ဘာသာတစ်ခုခုကို ယုံကြည်ကိုးကွယ်ခြင်းလည်း မရှိရသလို၊ ဘာသာရေးပွဲလမ်းတွေကိုလည်း မတက်ရောက်နိုင်ပါဘူး။ မိစ္ဆာကိုးကွယ်မှုတွေ ကိုလည်း ပြတ်ပြတ်သားသား တိုက်ဖျက်သွားရမယ်ဆိုတဲ့ ထင်ရှားပြတ်သားတဲ့ စည်းမျဉ်းတွေ ရှိပါတယ်’ဟု အဆိုပါရှင်းပြချက်တွင် အမည်မဖော်သည့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။  

ကိုးကွယ်မှုဟု သူတို့ယူဆသည်များနောက်ကို အာဏာပိုင်များက အနံ့ခံလိုက်လျှက်ရှိပြီး၊ မကြာသေးမီနှစ်များတွင် ပိုမို အရှိန်အဟုန်မြင့်မားလာကာ ဆန့်ကျင်သူများကို အင်အားသုံး နှိမ်နင်းသလို၊ ဂိုဏ်းခေါင်းဆောင်အချို့ကိုလည်း ကွက်မျက်သုတ်သင်ပစ်ခဲ့သည်။

သို့ရာတွင် အငြိမ်းစားအရာရှိများအနေဖြင့် ၎င်းတို့ တက်ရောက်ရန်ကြုံကြိုက်လာသည့် လူမျိုးစုများ၏ ရိုးရာဓလေ့ ပွဲတော်များမှာ ဘာသာတရားနှင့် သက်ဆိုင်မှုမရှိသည်ကို သိထားရမည်ဖြစ်ကြောင်း အဆိုပါအရာရှိက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly