ယူကရိန်းတွင် တိုက်ပွဲဝင်ရန် ငြင်းဆန်၍ ရုရှ အမျိုးသားအစောင့်တပ်မှ တပ်ဖွဲ့ဝင် ၁၀၀ ကျော် ထုတ်ပယ်ခံရ 

ယူကရိန်းတွင် တိုက်ပွဲဝင်ရန် ငြင်းဆန်၍ ရုရှ အမျိုးသားအစောင့်တပ်မှ တပ်ဖွဲ့ဝင် ၁၀၀ ကျော် ထုတ်ပယ်ခံရ 

မေ ၂၈

ယူကရိန်းတွင် တိုက်ပွဲဝင်ရန် ငြင်းဆန်ခြင်းကြောင့် ရုရှအမျိုးသားအစောင့်တပ်မှ တပ်ဖွဲ့ဝင် ၁၀၀ ကျော် ထုတ်ပယ်ခံရကြောင်း တရားရုံးမှတ်တမ်းများက ပြသရာ ယူကရိန်းကို ရုရှ၏ ကျူးကျော်စစ်နှင့် ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့၀င်များကြား သဘောထားကွဲလွဲမှုများ ရှိနေသည်ကို ရှင်းရှင်းလင်းလင်း ညွှန်ပြလျက် ရှိနေသည်။ 

ထုတ်ပယ်ခံရခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့က တရားစွဲတင်ခြင်းကို ရုရှဌာနေတရားရုံးတစ်ရုံးက ငြင်းဆန်လိုက်ပြီးနောက် Rosgvardia ဟု သိရသော တပ်ဖွဲ့ဖြစ်သည့် အမျိုးသားအစောင့်တပ်မှ တပ်ဖွဲ့ဝင် ၁၁၅ ဦး ထုတ်ပယ်ခံရသည့် ကိစ္စသည် ဗုဒ္ဓဟူးနေ့တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။  

ယူကရိန်းတွင် တိုက်ပွဲဝင်ရန်အတွက် ‘တရားဝင် တာဝန်ပေးအပ်ခြင်းကို ငြင်းဆန်ခြင်းကြောင့်’ ယင်း စစ်သားများကို ထုတ်ပယ်ထိုက်ကြောင်း တရားသူကြီးက ဆုံးဖြတ်ပြီးနောက် ၎င်းတို့၏ တရားစွဲတင်ချက်ကို ပယ်ချလိုက်ခြင်းဖြစ်ကြောင်း ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွင် တရားရုံး ဆုံးဖြတ်ချက်ကို ဖော်ပြထားသည်။ 

အဆိုပါ အမျိုးသားအစောင့်တပ် တပ်ချရာ ရုရှ ကော့ကေးဆပ်ဒေသ နယ်ချက်မြို့တွင် တရားစွဲတင်ခြင်း ဖြစ်သည်။ 

အိမ်နီးချင်း ယူကရိန်းအား ရုရှ ကျူးကျော်ချိန်မှစပြီး ရုရှစစ်တပ်သည် စိတ်ဓာတ်ရေးရာအားဖြင့် အားနည်းနေလျက်ရှိကြောင်း သတင်းများအရ သိရသည်။ ယူကရိန်းနယ်ထဲထိ ဖြတ်သန်းဝင်ရောက်သည့်အချိန်အထိ စစ်ဖြစ်တော့မည်ကို သိရှိခြင်း မရှိခဲ့ကြောင်း စစ်သားများ၏ အတည်ပြုပြောဆိုချက်များလည်း ရှိနေသည်။ 

အဆင့်အသီးသီးမှ အလယ်အလတ် တာဝန်ရှိသူများအပြင် တိုက်ပွဲဝင်အဆင့် ရုရှစစ်သားများသည် အမိန့်နာခံရန် ငြင်းဆန်ခြင်းများ ရှိနေသည်ဆိုသော သတင်းများ ကြားသိရကြောင်း ယခုလအတွင်း ပင်တဂွန်က ပြောဆိုသည်။ 

ယခု တရားရုံး၏ ဆုံးဖြတ်ချက်သည် အမှုကို ပို၍ ရှုပ်ထွေးစေသည်ဟု စစ်သား ၁၁၅ ဦး၏ ကိုယ်စားလှယ်ရှေ့နေ အန်ဒရေး ဆာဘီနင်းက ပြောသည်။ 

“ကျွန်တော် အမှုသည်တွေကို သက်သေအဖြစ် ခေါ်စစ်တာမျိုး မရှိသလို စွဲတင်ချက်အချို့ကိုလည်း တရားရုံးက ပယ်ချထားတာကြောင့် တရားရုံးရဲ့ အခု ဆုံးဖြတ်ချက်ဟာ တရားမျှတမှု ရှိလိမ့်မယ်ဆိုတာအပေါ် ကျွန်တော် သံသယဖြစ်မိကြောင်း ပြောလိုပါတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly