စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး၌ ICC နှင့် ရုရှက ပူးပေါင်းဆောင်ရွက်သင့်ဟု ဆို 

စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး၌ ICC နှင့် ရုရှက ပူးပေါင်းဆောင်ရွက်သင့်ဟု ဆို 
Photo - AFP

မေ ၂၈

ယူကရိန်းအား ရုရှ၏ ကျူးကျော်စစ်အတွင်း လုပ်ဆောင်ခဲ့သော စွပ်စွဲထားသည့် စစ်ရာဇဝတ်မှုများအား နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC ၏ စုံစမ်းစစ်ဆေးမှုတွင် ရုရှက ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ICC ရှေ့နေတစ်ဦးက အေအက်ဖ်ပီသို့ သောကြာနေ့တွင် ပြောသည်။ 

သည်ဟိတ်မြို့အခြေစိုက် ICC ၏ အဖွဲ့ဝင်မဟုတ်သော ရုရှသည် ယူကရိန်းအရေးနှင့် ပတ်သက်ပြီး ICC နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ထားသော်လည်း ပါဝင်ကူညီ လိုလာပါက ‘တံခါးဖွင့်လှစ်ထားဆဲ’ ဖြစ်ကြောင်း ICC ရှေ့နေ ကာရင်ခန်းက ပြောသည်။ 

သမ္မတ ဗလာဒီမာ ပူတင်က တစ်နေ့နေ့တွင် ICC ၌ စစ်ရာဇဝတ်မှု သံသယရှိသူ ဖြစ်လာနိုင်မလားဆိုခြင်းအား ပြောဆိုရန် ဗြိတိန်ဝတ်လုံတော်ရရှေ့နေ ကာရင်ခန်းက ငြင်းဆန်သော်လည်း စစ်ရာဇဝတ်မှု ကျူးလွန်သော လက်သည်တရားခံများအနေဖြင့် တရားစီရင်ခံရမည်ဖြစ်ကြောင်း အတိအလင်း ဆိုသည်။ 

“ဒီမှာ စုံစမ်းစစ်ဆေးနေပါတယ်၊ ကျွန်တော်ရဲ့ တံခါးကို ဖွင့်လှစ်ထားတယ်၊ ရုရှလည်း ပါဝင်လာအောင် ကျွန်တော် ဆက်လက်ကြိုးစားသွားမှာ ဖြစ်တယ်”ဟု အင်တာဗျူးတစ်ရပ်၌ ကာရင်ခန်းက ပြောသည်။ 

“ရုရှအနေနဲ့ စစ်ရာဇဝတ်မှုအရေး ကိုယ်တိုင်စုံစမ်းစစ်ဆေးနေတယ်ဆိုရင်လည်း ကျွန်တော်တို့နဲ့ သတင်းအချက်အလက် မျှဝေသွားသင့်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

ရုရှကဲ့သို့ပင် ICC အဖွဲ့ဝင် မဟုတ်သော်လည်း ယူကရိန်းနိုင်ငံသည် ICC ၏ တရားစီရင်ရေးကို လက်ခံပြီး စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးရာတွင် ကာရင်ခန်း၏ ရုံးနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ 

ရုရှက ၎င်း၏ တပ်ဖွဲ့များ စစ်ရာဇဝတ်မှု ကျူးလွန်သည်ဆိုသော စွပ်စွဲချက်များသည် အတုအယောင်သာ ဖြစ်ကြောင်း ဆိုထားသည်။ ယူကရိန်းသည် နိုင်ငံအရှေ့ပိုင်း၌ ‘လူမျိုးတုံး သတ်ဖြတ်မှု’ ကျူးလွန်နေသည်ဆိုလျက် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျူးကျော်ခဲ့ရခြင်းဖြစ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ပြောထားသည်။ 

“ဒီလို စွပ်စွဲချက်တွေ ရှိနေတယ်ဆိုရင် ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ”ဟု ကာရင်ခန်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required