အာဖဂန်နစ္စတန်မှ အကြမ်းဖက်ခြိမ်းခြောက်မှုအပေါ် အလယ်အာရှနိုင်ငံများ စိုးရိမ်နေ

By Zee5
27 May 2022
အာဖဂန်နစ္စတန်မှ အကြမ်းဖက်ခြိမ်းခြောက်မှုအပေါ် အလယ်အာရှနိုင်ငံများ စိုးရိမ်နေ

စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) ၏ အလယ်အာရှနိုင်ငံများက မေ ၁၆ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့၌ ပြုလုပ်ခဲသည့် အစေည်းအဝေးတွင် အာဖဂန်နစ္စတန်နိုင်ငံသည် ဒေသတွင်း၌ “စိုးရိမ်ရသော မတည်မငြိမ် ဖြစ်စေသည့် အကြောင်းခံ” အဖြစ် ဆက်ရှိနေဆဲ ဖြစ်သည်ဆိုသည့် အမြင်သဘောထားကို တညီတညွတ်တည်း ထုတ်ဖော်ခဲ့ကြသည်။

အဆိုပါအဖွဲ့သည် အာမေးနီးယား၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ရုရှား ဖက်ဒရေးရှင်းနှင့် တာဂျစ်ကစ္စတန်တို့ဖြင့် ဖွဲ့စည်းထားသော ယူရေးရှန်း ဒေသဆိုင်ရာ လုံခြုံရေးအဖွဲ့တစ်ခု ဖြစ်သည်။

“အာဖဂန်နစ္စတန်နိုင်ငံရဲ့ တည်ငြိမ်မှု မရှိတဲ့ အခြေအနေနဲ့ အာဖဂန်မြေပေါ်မှာ လက်နက်ကိုင်အဖွဲ့အုပ်စုတွေရဲ့ မရပ်မနား လှုပ်ရှားမှုတွေကတော့ မိမိတို့ နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှုအပေါ် ဆက်လက် ခြိမ်းခြောက် နေပါတယ်” ဟု ကာဇက်စတန် သမ္မတ ကာဆင်-ယိုမာ့တ် ကီမယ်လီဗစ်ချ် တိုကာယက်ဗ်က ပြောကြောင်း Asian Lite မီဒီယာက ကိုးကားဖော်ပြသည်။

အာဖဂန် ပြဿနာသည် CSTO ၏ အာရုံစိုက်မှုနှင့် အကဲဖြတ်ချင့်တွက်မှု၏ အဓိကဗဟိုချက်တွင် ဆက်ရှိ နေသင့်သည်ဟု ကာဂျစ်သမ္မတနိုင်ငံ သမ္မတ ဆက်ဒီယာ နာဂိုဇိုဗစ်ချ် ဂျာပါရော့ဗ်က အခိုင်အမာ ပြောသည်။

“ပြီးခဲ့တဲ့ နှစ် ၄၀ ကျော်ကာလအတွင်း အာဖဂန်နစ္စတန်မှာ စစ်ရေး-နိုင်ငံရေးနဲ့ လူမှု စီးပွားရေး အခြေအနေ အပေါ် ယိုယွင်းဆိုးရွားစေခဲ့တဲ့ အပျက်သဘောဆောင် အကြောင်းရင်းတွေ စုပုံပေါ်ပေါက်ထားခဲ့တာကို မိမိတို့ တွေ့မြင်ထားရပါတယ်။ ဒါနဲ့ပတ်သက်လို့ CSTO အဖွဲ့အနေနဲ့ တောင်ဘက်ပိုင်းနယ်စပ်တွေက ဖြစ်ပေါ် ပြောင်းလဲ နေတဲ့ အခြေအနေဆိုင်ရာ အမျိုးမျိုးသော စိတ်မှန်းအနာဂတ်တွေအတွက် အသင့်ရှိနေဖို့ လိုပါတယ်” ဟု တာဂျစ်ကစ္စတန် သမ္မတ အီမိုမာလီ ရာမွန်က ပြောသည်။

ထိုအစည်းအဝေးကို တက်ရောက်ခဲ့သည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှားနိုင်ငံအနေဖြင့် CSTO အဖွဲ့ဝင်နိုင်ငံများကို ခေတ်မီ လက်နက်များ၊ တပ်ဆင်ပစ္စည်းများဖြင့် ကူညီတပ်ဆင်ပေးမည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly