အိန္ဒိယက သီရိလင်္ကာသို့ ဒီဇယ် မက်ထရစ်တန် ၄၀၀၀၀ ထပ်မံတင်ပို့

အိန္ဒိယက သီရိလင်္ကာသို့ ဒီဇယ် မက်ထရစ်တန် ၄၀၀၀၀ ထပ်မံတင်ပို့

ဆိုးရွားသည့် စီးပွားရေးအခြေအနေနှင့် စွမ်းအင်အကြပ်အတည်းကို ကြုံတွေ့နေရသည့် သီရိလင်္ကာနိုင်ငံ၏ လောင်စာဆီလိုအပ်ချက် ပြဿနာကို ဖြေရှင်းနိုင်ရန် အိန္ဒိယက ဒီဇယ် မက်ထရစ်တန်ချိန် ၄၀၀၀၀ ကို မေ ၂၁ ရက်က ထပ်မံ တင်ပို့လိုက်သည်။

‌ယင်းကဲ့သို့ တင်ပို့မှုကို သီရိလင်္ကာနိုင်ငံရှိ အိန္ဒိယ ကော်မရှင်နာမင်းကြီးရုံး၏ တွစ်တာတွင်လည်း ဖော်ပြခဲ့သည်။

ထို့ပြင် သီရိလင်္ကာ ရူပီး ၂ ဘီလျံတန်ဖိုးရှိ ဆန်၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများကို အိန္ဒိယမှ ကိုလံဘိုမြို့သို့ မေ ၂၂ ရက်က ရောက်ရှိခဲ့ရာတွင် ဆန် မက်ထရစ်တန်ချိန် ၉၀၀၀၊ နို့မှုန့် တန်ချိန် ၂၀၀၊ အခြေခံဆေးဝါး ၂၄ တန်တို့ပါဝင်ခဲ့သည်။

‌ကြွေးမြီပြဿနာနှင့် ကြုံတွေ့နေရသည့် သီရိလင်္ကာသို့ ယခုနှစ် အစောပိုင်းမှစ၍ အမေရိကန်ဒေါ်လာ ၃ ဘီလျံ ချေးငွေထုတ်ပေးရန် အိန္ဒိယက ကတိပြုခဲ့သည်။ အိန္ဒိယအနေဖြင့် သီရိလင်္ကာအစိုးရသစ်နှင့်လည်း လက်တွဲ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်းကို ထုတ်ဖော်ပြောကြားပြီး ဖြစ်သည်။

သီရိလင်္ကာနိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း အဆိုးဆုံးဖြစ်သည့် စားနပ်ရိက္ခာနှင့် လောင်စာဆီ ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်းများ၊ ပြည်သူအများအပြားကို ထိခိုက်စေခဲ့သည့် ဓာတ်အား ပြတ်တောက်မှုများကို ကြုံတွေ့နေရပြီး အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ကြီးမားသည့် ကန့်ကွက် ဆန္ဒပြုမှုများကို ဖြစ်ပေါ်စေခဲ့သည်။

အိန္ဒိယသည် သီရိလင်္ကာ၏ ပိုမိုအားကောင်းခိုင်မာပြီး အပြန်အလှန် အကျိုးပြုသည့် မိတ်ဘက်နိုင်ငံ ဖြစ်လာသည်။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားစဉ်နှင့် တရုတ်နှင့် မြေဩဇာ ပြဿနာဖြစ်ပွားစဉ်က အိန္ဒိယသည် သီရိလင်္ကာ လယ်သမားများ အဆင်ပြေစေရန် နာနို ဓာတ်မြေဩဇာများ ပေးပို့ခဲ့ကာ ယခုအခါတွင်လည်းအမေရိကန်ဒေါ်လာ ၃ ဘီလျံ ချေးငွေ ထုတ်ပေးရန် ကတိပြုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly