ပိုမိုကူးစက်တတ်သော အိုမီခရွန်မျိုးကွဲ BA.4 ကို တရုတ်တွင် တွေ့ရှိ

ပိုမိုကူးစက်တတ်သော အိုမီခရွန်မျိုးကွဲ BA.4 ကို တရုတ်တွင် တွေ့ရှိ

တရုတ်နိုင်ငံ၌ အိုမီခရွန်မျိုးကွဲ BA.4 ကြောင့်ဖြစ်သော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြည်တွင်းသို့ ဝင်ရောက်လာသူတစ်ဦး၌ ပထမဆုံးတွေ့ရှိခဲ့ကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ၏ ကူးစက်ရောဂါဆိုင်ရာစစ်တမ်းက ဖော်ပြခဲ့သည်။

နယ်သာလန်နိုင်ငံမှ တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့သို့ မေ ၄ ရက်က ရောက်ရှိလာသူကို ဟိုတယ်၌ သီးသန့်ထားကာစောင့်ကြည့်ပြီးနောက် နောက်တစ်ရက်တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အသက် ၂၀ အရွယ်ရှိသူ အတည်ပြုလူနာသည် ကာကွယ်ဆေးထိုးထားပြီး ဖြစ်ကာ လေယာဉ်မစီးမီ ၁၄ ရက်အတွင်း ကြိုတင်သတ်မှတ်ချက်များကိုလည်း လိုက်နာကြောင်း Global Times ကဖော်ပြသည်။

အိုမီခရွန်မျိုးကွဲ BA.4 သည် တောင်အာဖရိကတွင်ဖြစ်ပွားနေသည့် နောက်ဆုံးမျိုးကွဲတစ်ခုဖြစ်ပြီး BA.2 နေရာတွင် လျင်မြန်စွာ အစားထိုးဝင်ရောက်နေသည်ဟု ဆိုသည်။

“BA.4 မျိုးကွဲက BA.2 ထက် ၁၀ ဆ ပိုပြီး ကူးစက်တယ်လို့ လေ့လာမှုတချို့မှာ ပြထားတယ်။ ကူးစက်ပြန့်ပွားနှုန်း R0 ကလည်း ၁၀ အထက် ကျော်နိုင်တယ်” ဟု ကွမ်ကျိုးအခြေစိုက် ကူးစက်ရောဂါပညာရှင် ကျောင်းရှီလီက Global Times သို့ပြောသည်။

BA.4 မျိုးကွဲကူးစက်မှုကို အနည်းဆုံး နိုင်ငံဒေသပေါင်း ၂၀ တွင် တွေ့ရှိထားပြီး အတည်ပြုလူနာပေါင်း ၁ ၃၀၀ ထက်မနည်းရှိသည်။

တရုတ်နိုင်ငံတွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ ချမှတ်ကာ အကောင်အထည်ဖော်နေသော်လည်း ကိုဗစ်-၁၉ ကူးစက်မှုမှာ ပုံမှန်မြင့်တက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required