ချစ်သူများနေ့အကြိုအနေဖြင့် ကွန်ဒုံးအသုံးပြုဖို့ မရှက်ကြရန် ထိုင်းသတိပေး

ချစ်သူများနေ့အကြိုအနေဖြင့် ကွန်ဒုံးအသုံးပြုဖို့ မရှက်ကြရန် ထိုင်းသတိပေး

ဘန်ကောက်၊ ဖေဖော်ဝါရီ-၅ ။          ။ အိပ်ချ်အိုင်ဗွီနှင့် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုများကို ဆန့်ကျင်တိုက်ဖျက်ရာတွင် အကာအကွယ်အသုံးပြုရန် တွန့်ဆုတ်နေမှုကို နားချနေရရာ ထိုင်းနိုင်ငံက ဖေဖော်ဝါရီလ ၄ရက်နေ့က နိုင်ငံသားများ ကွန်ဒုံးဆောင်သည့် အလေ့အထလုပ်ရန် တိုက်တွန်းသည့် လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့သည်။

ချစ်သူများနေ့ ဖေဖော်ဝါရီ ၁၄ရက်မှာ ထိုင်းအာဏာပိုင်များက လက်မထပ်ခင် လိင်ဆက်ဆံမှုကို သတိပေးတားမြစ်လေ့ရှိသည့် အချိန်ပင်ဖြစ်သော်လည်း ယခုနှစ်တွင်မူ တားမြစ်ခြင်းထက် အကာအကွယ်သုံးရန်ကိုသာလျှင် အလေးအနက် တိုက်တွန်းနေသည်ဟု ဆိုသည်။

မြို့တော် ဘန်ကောက်နှင့် အပန်းဖြေကမ်းခြေ ပတ္တရာကဲ့သို့သော နေရာများ၏ နာမည်ကျော် ပြည့်တန်ဆာရပ်ကွက်များပေါ် အခြေပြု၍ လိင်စီးပွားရေးလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်နေကြသော်လည်း ထိုင်းလူမျိုးအများစုကမူ လိင်နှင့်ပတ်သက်၍ ရှေးရိုးစွဲအမြင် ရှိကြသည်။

သို့ရာတွင် မြို့ပြ လျင်မြန်စွာ ထွန်းကားလာမှုက လူငယ်လူရွယ်များကို စောစီးစွာ လိင်မှုကိစ္စကို တွေ့ကြုံစေသည်ဟု ကျန်းမာရေးအရာရှိများက ပြောကြားသည်။

‘အထူးသဖြင့် ဆယ်ကျော်သက်တွေဟာ ကွန်ဒုန်းဝယ်တွေဝယ်ရတာကို ရှက်မနေသင့်တော့ဘူး’ဟု လူထုကျန်းမာရေးဝန်ကြီးဌာနမှ သွန်ချိုင်း လာ့ဝီလရတ်နာပေါင်က ပြောကြားခဲ့သည်။  

 ‘လူ့အဖွဲ့အစည်းကလည်း ဆယ်ကျော်သက်မိန်းခလေးတွေ ကွန်ဒုံးဝယ်တာကို လက်ခံရမယ်။ ဒါက ဆယ်ကျော်သက်မိန်းခလေးတွေ ကိုယ်ဝန်ရသွားတာနဲ့စာရင် ပိုကောင်းတယ်’’ဟုလည်း ၎င်းက ပြောကြားသည်။

ထိုင်းနိုင်ငံမှာ အရှေ့တောင်အာရှတွင် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုနှုန်း အမြင့်မားဆုံးဖြစ်ပြီး၊ ဆယ်ကျော်သက် မိခင်အရေအတွက်မှာ အိမ်နီးချင်းလာအိုနောက် ဒုတိယအများဆုံးဖြစ်နေသည်ဟု မျိုးဆက်ကျန်းမာရေးဗျူရိုက ပြောကြားသည်။

‘ကျနော်တို့ဟာ ကွန်ဒုံးတွေကို ကိုယ်ဝန်ဆောင်မှုနဲ့ ခုခံအားကျရောဂါကို ကာကွယ်တဲ့ နေ့စဉ်သုံးပစ္စည်းအနေနဲ့ လက်ခံလာဖို့ ထိုင်းတွေကို ဆွဲဆောင်ရမယ်’ဟု ရောဂါထိန်းချုပ်ရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးချုပ် ပနူမာ့ ယန်ဝိတ်ဆကူက ပြောကြားခဲ့သည်။

ဤလှုပ်ရှားမှုကို ထိုင်းလွှွှတ်တော်အမတ်များက ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှုကို တားဆီးရန် ရည်ရွယ်သည့် အရေးယူဆောင်ရွက်ချက်တစ်ခုကို သဘောတူအတည်ပြုမှုနှင့် တိုက်ဆိုင်၍ စတင်လိုက်ခြင်းပင်ဖြစ်သည်။

ဆဟာရတစ်ပိုင်း အာဖရိကပြီးလျှင် အာရှပစိဖိတ်မှာ အိပ်ချ်အိုင်ဗွီဗိုင်းရပ် ကူးစက်ခံနေရသည့် လူဦးရေ အများဆုံး ဒေသကြီးပင်ဖြစ်ရာ၊ ထိုအရေအတွက်၏ ၉ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံတွင် နေထိုင်နေကြသည်ဟု အိပ်ချ်အိုင်ဗွီ တုန့်ပြန်ရေးအဖွဲ့ဖြစ်သည့် AVERTက ပြောကြားခဲ့သည်။

၂၀၁၃ခုနှစ်က ကျန်းမာရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ လူဦးရေ ၆၇သန်းတွင် အိပ်ချ်အိုင်ဗွီပိုးနှင့် နေထိုင်နေသူမှာ ၄၅၀၀၀၀ရှိသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly