တရုတ်က အာကာသနည်းပညာကို ခိုးယူနေဟု NASA စွပ်စွဲ

တရုတ်က အာကာသနည်းပညာကို ခိုးယူနေဟု NASA စွပ်စွဲ

အမေရိကန် အာကာသအေဂျင်စီ NASA က တရုတ်သည် စစ်ဘက်လျှို့ဝှက်ချက်များမှစ၍ ဆေးဘက်ဆိုင်ရာ သုတေသနများအထိ လျှို့ဝှက်အပ်သော အမေရိကန်နည်းပညာကို ခိုးယူကြောင်း စွပ်စွဲပြောဆိုလိုက်သည်။

မေလ ၁၇ ရက် အမေရိကန် အောက်လွှတ်တော် လျာထားရေးကော်မတီ၏ ကြားနာမှုအတွင်း NASA စီမံခန့်ခွဲရေးမှူး ဘီလ်နယ်လ်ဆင်က တရုတ်ကွန်မြူနစ်ပါတီသည် အမေရိကန်၏ အရေးကြီးဆုံးသော နည်းပညာဆိုင်ရာလျှို့ဝှက်ချက်များကို ခိုးယူခဲ့သည်ဟု စွပ်စွဲခဲ့ကြောင်း The Singapore Post တွင် ဖော်ပြထားသည်။

“သူတို့က ခိုးတဲ့ဘက်မှာတော့ တော်တော်လေး ကျွမ်းကျင်ကြတယ်။ ဆိုက်ဘာလုံခြုံရေးကို အလေးအနက်ထား စဉ်းစားဖို့ တာဝန်ရှိပြီလို့ ကျွန်တော်ယူဆတယ်” ဟု နယ်လ်ဆင်က ဆိုသည်။

အမေရိကန် ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေနဲ့ တရုတ်အစိုးရပိုင် အဖွဲ့အစည်းများ တီထွင်ထုတ်လုပ်ထားသော အာကာသယာဉ်များသည် တူညီသောလက္ခဏာရပ်များရှိကြောင်း မှတ်ချက်ပြုခဲ့သော အမေရိကန် လွှတ်တော်အမတ်နှင့် ကော်မတီအဖွဲ့ဝင်ဖြစ်သူ ရောဘတ်အယ်လ်ဒါဟော့၏ မေးခွန်းအပေါ် နယ်လ်ဆင်က ဤသို့ တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် အမေရိကန်စီးပွားရေး၏ ကဏ္ဍတိုင်း အထူးသဖြင့် ၎င်း၏ စစ်ဘက်ခေတ်မီရေး ကြိုးပမ်းမှုများတွင် အရေးပါပြီး ပေါ်ထွန်းစနည်းပညာများကို တရားမဝင်ရယူရန် ကြိုးပမ်းအားထုတ်မှုတွင် ပါဝင်နေသည်ဟု အမေရိကန်အစိုးရက ပုဂ္ဂလိကနယ်ပယ်ကို အကြံပြုထားကြောင်း Singapore Post က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ အာကာသအစီအစဉ်သည် အနောက်အင်အားကြီးနိုင်ငံများအတွက် စစ်ရေးခြိမ်းခြောက်မှု ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သည် ခြိမ်းခြောက်မှုကို ဟန့်တားရန် ထိုးစစ်ဆင်သည့် အာကာသလက်နက်များ တီထွင်ရန် လိုအပ်ကြောင်း လေတပ်ဦးစီးချုပ် ဖရန့်ကန်ဒယ်က ပြောကြားခဲ့သည်။ တရုတ်သည် ၎င်း၏ အာကာသဆိုင်ရာ ရည်မှန်းချက်များကို လျှို့ဝှက်ထားခြင်းမရှိဘဲ ကွန်မြူနစ်အစိုးရအတွက် ကမ္ဘာ့ထိပ်တန်း အာကာသ အင်အားကြီးနိုင်ငံဖြစ်လာစေရေး အစီအစဉ်ကို မူဝါဒအစီရင်ခံစာတစ်ခုတွင် အသေးစိတ်ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် တရုတ်ကလည်း ၎င်းတို့သည် အမှီအခိုကင်းသော အာကာသဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ကျင့်သုံးနေသောကြောင့် နိုင်ငံကို ပိတ်ဆို့မှုများရှိသော်ငြား အမေရိကန်ကို ကျော်လွန်၍ အာကာသဆိုင်ရာ အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကာ တရုတ်နိုင်ငံ၏ အာကာသကျွမ်းကျင်ပညာရှင်များက NASA ၏ စွပ်စွဲချက်များကို ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly