ရေဖြူ နှင့် ထားဝယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ လူ ၂ ဦး သေဆုံး

By ကိုရွှေမြိတ်
25 May 2022
ရေဖြူ နှင့် ထားဝယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ လူ ၂ ဦး သေဆုံး

မေ ၂၅

ထားဝယ်ခရိုင်ရှိ ရေဖြူ နှင့် ထားဝယ် မြို့နယ်တို့တွင် မေလ ၂၄ ရက် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း မြို့ခံများထံက သိရသည်။

ရေဖြူမြို့နယ် ၊ ဧကနိကျေးရွာနေ ဦးမောင်ဦးသည် မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ၎င်း၏နေအိမ်ရှေ့တွင် ရှိနေခိုက် အမျိုးသားနှစ်ဦးဆိုင်ကယ်ဖြင့် လာရောက်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးထံက သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သူ ဦးမောင်ဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထောက်ခံသည့် ကျောင်းဆရာဟောင်း တစ်ဦးဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက် အရသိရသည်။

ထို့ပြင် ထားဝယ်မြို့၊ ကမ်းနားဈေးတွင်လည်း မေလ ၂၄ ရက်နေ့ နံနက် ၉ နာရီက ဈေးသည် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း အဆိုပါဈေးရှိ ဈေးသည်များထံက သိရသည်။

ပစ်သတ်ခံရသူမှာ အသက် ၆၀ ကျော်အရွယ် ဒေါ်ညွန့်လှိုင် ဖြစ်ပြီး ကြက်စာပြင် ရပ်ကွက်တွင် နေထိုင်သူ တစ်ဦး ဖြစ်ကြောင်း မြို့ခံများက ပြောကြားသည်။

“သေနတ်နဲ့ သုံးချက် ပစ်ခံရတာပါ။ ဦးခေါင်းမှာ နှစ်ချက် ၊ ရင်ဘက်မှာ တစ်ချက်နဲ့ အပစ်ခံရတဲ့ နေရာမှာပဲ လဲကျသေဆုံး သွားတယ်။ အဲ့ဒီလို ပစ်ခတ်ခံရပြီးတော့ ဈေးထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ် ”ဟု ကမ်းနားဈေးရှိ ဈေးသည် တစ်ဦးက ပြောသည်။

အဆိုပါ နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးမှုဖြစ်စဉ်အား ယခုချိန်အထိ မည်သည့် အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ကို ထုတ်ပြန်ထားခြင်း မရှိပေ။

#Mizzima

#ရေဖြူ

#ထားဝယ်

#ပတ်ခတ်ခံရ

#လူ၂ဦးသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly