တက္ကဆက် မူလတန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်၍ ကလေးငယ် ၁၈ ဦး သေဆုံး 

တက္ကဆက် မူလတန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်၍ ကလေးငယ် ၁၈ ဦး သေဆုံး 
Photo - AFP

မေ ၂၅

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က မူလတန်းကျောင်းတစ်ကျောင်းတွင် ဆယ်ကျော်သက်တစ်ဦးက သေနတ်ပစ်ခတ်သဖြင့် ကလေးငယ် ၁၈ ဦး သေဆုံးရာ စိတ်ဆိုးဒေါသထွက်သည့် သမ္မတ ဂျိုး ဘိုင်ဒင်က အမေရိကန် သေနတ်ကိုင်ဆောင်မှု ထောက်ခံသူများကို ရှုတ်ချပြီး ပစ်ခတ်မှု သံသရာ အဆုံးသတ်ရေးအတွက် စိတ်ပိုင်းဖြတ် ပြောဆိုလာစေသည်။ 

မက္ကဆီကိုနယ်စပ်မှ တစ်နာရီခရီးတွင် ရှိသော အူဗယ်ဒေးမြို့ငယ်တွင် ဖြစ်ပွားသော ယခု တိုက်ခိုက်မှုသည် နှစ်များစွာအတွင်း အမေရိကန်ကျောင်းများ၌ အသေအဆုံးအများဆုံး တိုက်ခိုက်မှုဖြစ်ကာ နိုင်ငံတစ်ဝန်းဖြစ်ပွားသော သေနတ်ကိုင်အကြမ်းဖက်မှုများ၏ နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်သည်။ 

“ဒီနိုင်ငံက မိဘတိုင်း၊ နိုင်ငံသားတိုင်းအတွက် ဒီ နာကျင်မှုကို ပြောင်းလဲပစ်ရတော့မယ့် အချိန်ပါပဲ”ဟု ဂျိုး ဘိုင်ဒင်က စိတ်ခံစားချက်အပြည့်ဖြင့် ပြောသည်။ 

“သေနတ်ဥပဒေကို ပိတ်ပင်သူတွေအတွက် ကျွန်တော်တို့ မေ့ပစ်မှာ မဟုတ်ဘူးဆိုတာကို သိအောင် လုပ်ရမယ့် အချိန်ပဲ”ဟု ၎င်းက ပြောသည်။ 

သံသယရှိသူသည် အသက် ၁၈ နှစ်ရှိ ဒေသခံ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ ဆဲလ်ဗာဒေါ ရာမို့စ်ဆိုသူဖြစ်ကြောင်း အစောပိုင်း သတင်းစာရှင်းလင်းပွဲတွင် တက္ကဆက် အုပ်ချုပ်ရေးမှူး ဂရေ့ချ် အဘော့က ပြောသည်။ 

“သူ့ကို ပစ်သတ်ခဲ့ရတာ ဖြစ်တယ်၊ တကယ် ဆိုးဝါးတဲ့ အဖြစ်အပျက်ပါပဲ”ဟု အဘော့က ဆိုသည်။ 

သေနတ်သမားသည် သူ၏ ဘွားအေဖြစ်သူကို ပစ်သတ်ပြီးနောက် Robb Elementary မူလတန်းကျောင်းဆီ ဝင်ရောက်လာခြင်းဖြစ်ကြောင်း တက္ကဆက် အများပြည်သူ လုံခြုံရေးဌာန တာဝန်ရှိသူများက CNN သတင်းဌာနသို့ ပြောသည်။ ၎င်းသည် သူ၏ ကားကို စွန့်ပစ်ပြီးနောက် လက်ကိုင်သေနတ်၊ ရိုင်ဖယ်တစ်လက်နှင့် ကျည်ကာအင်္ကျီတို့ကို ဝတ်ဆင်လျက် စာသင်ကျောင်းအတွင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ 

ပစ်ခတ်မှုကို တုံ့ပြန်သော တာဝန်ရှိသူများက သေနတ်သမားကို ပစ်သတ်လိုက်ကြောင်း တာဝန်ရှိသူများက ပြောပြီး တိုက်ခိုက်မှုအတွင်း၌ အရွယ်ရောက်ပြီးသူတစ်ဦးလည်း သေဆုံးခဲ့သည်ဟု ဖြည့်စွက်ဆိုသည်။ 

ယခု ပစ်ခတ်မှုသည် ၂၀၁၂ ခုနှစ်က ကွန်နက်တီကက်ပြည်နယ်တွင် ကလေး အယောက် ၂၀ နှင့် ဝန်ထမ်း ခြောက်ဦး သေဆုံးခဲ့သည့် စာသင်ကျောင်းတစ်ကျောင်း ပစ်ခတ်မှုအပြီး လူအသေအဆုံး အများဆုံးသော ပစ်ခတ်မှု ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required