ရန်ကုန်တိုင်းဒေသကြီး အစိုးရ အမှန်တကယ် အငှားအိမ်ရာ ချထားပေးမှာလား

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အမှန်တကယ် အငှားအိမ်ရာ ချထားပေးမှာလား
အိမ်ခန်းပေါင်း ၁၂၀၀ ပါသည့် မဟာဗန္ဓုလ အငှါးအိမ်ရာ၌ အိမ်ခန်း ရရှိနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လာရောက်လျောက် ထားနေမှုမြင်ကွင်း။ (ဓာတ်ပုံ - မျိုးသူအောင်၊ မဇ္စျိမ)

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်မှာနေတဲ့ ဦးစန်းဦး ရေးလိုက်တဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူ့စာထဲမှာ ရေးထားတဲ့ အကြောင်းအရာက တော့ သည်ရက်ပိုင်းအတွင်းမှာ လူပြောများနေတဲ့ မဟာဗန္ဓုလ အငှားအိမ်ရာ တိုက်ခန်းများ လျှောက်ထားကြတာနဲ့ ပတ်သတ်ပြီး သတင်းစာတွေမှာ ဖတ်ရလို့ သူ့အမြင်ကို တင်ပြချင်တာကြောင့် ရေးသား ပေးပို့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အဖေဟာ ရန်ကင်းမြို့နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကတည်းက ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးအနေနဲ့ ငှားရမ်းနေထိုင်ခွင့် ရရလို့ သူ့အဖေ ကွယ်လွန်သွားပေမယ့် သူလည်း အစဉ်အ ဆက် နေထိုင်လာခဲ့သူတစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။ အဖေတို့ ရစဉ်အခါက အိုးအိမ်မှာ အရင် လျှောက်ထားခဲ့ကြပြီး လျှောက်တဲ့သူ နေထိုင်တဲ့နေရာအထိ လိုက်လံ စစ်ဆေးပြီးမှ စိစစ်ရွေးချယ်လို့ အလှည့်ကျစနစ်နဲ့ ရခဲကြောင်း အဖေ ပြောဖူးတာ မှတ်မိပါတယ်။ အိခု အငှားအိမ်ရာ စီမံကိန်းကို သတင်းစာတွေထဲမှာ ဖတ်ရတာတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ အိုးအိမ်ဌာနခွဲက လုပ်တာ မဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရကပဲ စီမံကိန်းနဲ့ ဆောင်ရွက်တာလို့ ထင်ပါတယ်။

ပထမရက် တွေမှာ တိုင်းဒေသကြီး လွှတ်တော်ရုံးမှာ လျှောက်လွှာတင်ခိုင်းပြီး ၃ ရက်နေ့ သတင်းစာမှာတော့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ တင်ရမယ်ဆိုတာ ဖတ်လိုက်ရပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒီလျှောက်လွှာတွေ မခေါ်ခင်ကတည်းက ဖြစ်လာနိုင်မယ့် အခြေအနေတွေကို ကြိုတင်ခန့်မှန်းပြီး စီမံချက် ချခဲ့ဖို့ လိုပါတယ်။ အခုတော့ နေရာအမျိုးမျိုး ပြောင်းသလို အရင် ကြေညာ စဉ်အခါက စိစစ်ရွေးချယ်မယ် နောက်တစ်ခါ ပြောသံကြားရတာက မဲနှိုက်မယ်ဆိုတော့ ရဖို့ မရဖို့က ကံတရားပေါ်မှာ မူတည်နေတဲ့သဘော ဖြစ်နေတယ်လို့ ရေးပါတယ်။

တကယ်တော့ လုပ်ဖို့ကောင်းတာက အခုပေးမယ့် နေရာတွေမှာ ကျူးကျော်ဖျက်တဲ့ သူတွေကို အရင်းဦးစားပေးပြီး နေရာချထားပေးသင့်တာပါ။ အခု လျှောက်မယ့်သူတွေက အဆင်မပြေကြပေမယ့် သူတို့မှာ အိမ်ငှားနေဖို့ အခြေအနေတွေ ရှိနေပါသေးတယ်။ ကျူးကျော်မှာနေပြီး အမှန်တကယ် နေရာမရှိတဲ့သူ၊ သတ်မှတ်တဲ့ အခန်းခ ပေးနိုင်သူကို အရင်းဦစားပေး နေရာချသင့်တယ်လို့ ထင်မြင်ပါ တယ်လို့ ဆိုပါတယ်။အခုလိုသာ ပုံစံ ၆၆/၆ အိမ်ထောင်စုစာရင်း ရှိသူတွေကို ပေးမယ်ဆိုရင် သူ ဥပမာ တစ်ခု ပြောပါမယ်။ သူတို့ ရန်ကင်း ၅ ရပ်ကွက်မှာ အရင်ချထားပေးတဲ့ တိုက်တွေကို ဖျက်သိမ်းပြီး ရန်အေးအိမ်ရာမှာ အစားပြန်ပေးပါတယ်။ အရင်နေတဲ့ အခန်းထက်လည်း ပိုကျယ်ပြီး သပ်ရပ်ပါတယ်။

ဒါကို အိမ်ခန်းပြန်ရသူတွေက ၁၀ သိန်းပတ်ဝန်းကျင်နဲ့ နိုင်ငံခြားသားတွေကို ပြန်ငှားပြီး ၂ သိန်းခွဲ ပတ်ဝန်းကျင် ပေးရတဲ့ တိုက်ဟောင်းတွေမှာ ငှားနေကြတော့ ဧည့်စာရင်းတိုင်ပြီး နေကြတယ်။ သူတို့လက်ထဲမှာ ပုံစံ ၆၆/၆ အိမ်ထောင်စုစာရင်း ရှိတော့ အငှားအိမ်ရာကို လျှောက်လွှာတင်ကြ ပြန်တယ်။ ဒီလိုလူမျိုးတွေ ရှိနေတာအပြင် အခြားသော နည်းတွေနဲ့ အိမ်၊ တိုက်ခန်းပိုင်ကြပေမယ့် လျှောက်နေကြတဲ့ သူတွေကိုလည်း မြင်နေတွေ့နေရတယ်လို့ ဆိုပါတယ်။

တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ တကယ်လုပ်သင့်တာက ခုံးကျော်တံတားကြီးတွေ ဆောက်ပြီး ပလက်ဖာင်းတွေ မကြာခဏ ပြန်ပြင်နေမယ့်အစား အဲ့ဒီငွေတွေနဲ့ တန်ဖိုးနည်း အငှားအိမ် ရာတွေ ဆောက်ပေးသင့်တာပါ။ ဒီလိုဆိုရင် လူတွေလည်း ပြန့်ကျဲပြီး လမ်းတွေမှာ ကားအသွားအလာ တွေ အဆင်ပြေလို့ ကားပိတ်၊ လမ်းကျပ်တာတွေ လျော့နည်းသွားမယ်။ လူတွေ အခုရင်ဆိုင်ကြုံတွေ့ နေရတဲ့ ကားပေါ်မှာ အကြာကြီး အချိန်ကုန်နေရတာ၊ အိမ်ငှားခတွေ အဆမတန် ကြီးမြင့်တဲ့ ဒုက္ခတွေ ကို ခံစားရမှာ မဟုတ်ဘဲ လူပီသစွာနဲ့ နေရတဲ့ ဘဝကို ရရှိကြမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က တည်းက စီမံဆောင်ရွက်ခဲ့ရမှာကို အခု လွှဲရခါနီးမှ ဖုတ်ပူမီးတိုက် အသည်းအသန် လုပ်နေတာက တော့ မသင့်တော်ပါဘူး။ ပြည်သူတွေအတွက် အလုပ်အကျွေးပြုရမယ့် အစိုးရမဟုတ်ဘဲ ပြည်သူတွေ က လုပ်ကျွေးခဲ့ရတဲ့ အစိုးရဖြစ်ခဲ့တာကိုတော့ ဘယ်လိုမှ ငြင်းမရနိုင်ပါဘူးလို့ ပြောပါတယ်။ နောက်တက်လာမယ့် အစိုးရအဖွဲ့အနေနဲ့ ဒါကို သင်ခန်းစာယူပြီး  လာမယ့် ၅ နှစ်မှာ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေတဲ့ အစိုးရအဖြစ် လုပ်ဆောင်ပေးစေလိုကြောင်း ရေးလာတဲ့ စာကို ဖော်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly