“ရခိုင်အမျိုးသားပါတီ ANP၊ ပါတီတွင်း ညီညွတ်ရေး ပြန်တည်ဆောက်နိုင်မလား”

“ရခိုင်အမျိုးသားပါတီ ANP၊ ပါတီတွင်း ညီညွတ်ရေး ပြန်တည်ဆောက်နိုင်မလား”
NCCT နှင့် နိုင်ငံရေးပါတီများ ပြုလုပ်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင် ဆွေးနွေးနေသည်ကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၈ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္စျိမ

လာမယ့် ဖေဖေါ်ဝါရီ ၆ ရက်နေ့ဆို ရခိုင်အမျိုးသားပါတီ ANP ဗဟိုကော်မတီ အစည်းအဝေးကို စစ်တွေမြို့မှာ ကျင်းပပါတော့မယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ANP ဗဟိုအလုပ်အမှုဆောင် ကော်မတီ ရဲ့ ထုတ်ပြန်ကြေငြာချက်ဆိုတာ ထွက်ပေါ်လာပြီးနောက် ပါတီတွင်းမှာလည်း သဘောထား အမြင်မတူတာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

အင်န်အယ်လ်ဒီပါတီ အပါအဝင် မျက်မှောက် နိုင်ငံရေးလောကကို ဂယက်ရိုက်သွားစေတဲ့ ANP ပါတီ ကြေငြာချက်မှာ ဘာတွေပါသလဲ၊ အဲဒီ ကြေငြာချက် ဘယ်လို ထွက်ပေါ်လာသလဲ၊ ANP ပါတီတွင်း ညီညွတ်မှု တည်ဆောက်နိုင်ပါ့ဦးမလား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အသွင်ကူးပြောင်းရေး ကာလ မြန်မာ့နိုင်ငံရေးကို ဂယက်ရိုက်သွားစေတဲ့ ANP ပါတီ ကြေငြာချက်ကတော့ ခုလို ဆိုပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် လွှတ်တော်အတွက် ယှဉ်ပြိုင်ကြရာမှာ ANP ပါတီက အမတ်အများဆုံး အနိုင်ရခဲ့တယ်၊ ဒါကြောင့် အင်န်အယ်လ်ဒီ ပြည်ထောင်စု အစိုးရဟာ ရခိုင်ပြည်နယ် အစိုးရဖွဲ့ရင် ANP အမတ်တစ်ယောက်ယောက်ကို ဝန်ကြီး ချုပ်နေရာ ပေးရမယ်၊ အဲဒီ ဝန်ကြီးချုပ်ကနေ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဦးဆောင် ဖွဲ့စည်းခွင့် ပေးရမယ်၊ အဲလိုသာ မပေးဘူးဆိုရင် အင်န်အယ်လ်ဒီ အစိုးရက ဖွဲ့စည်းမယ့် ဘယ်အဆင့်မှာမှ ANP ပါတီက ပါဝင် ပူးပေါင်းမှာ မဟုတ်ဘူး၊ အတိုက်အခံ အနေနဲ့ပဲ ရပ်တည်သွားမယ်လို့ ဆိုထားပါတယ်။

ဒီကြေငြာချက်နဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ ပါတီဘက်ကတော့ သီးခြား သဘောထား ထုတ်ပြန်တာ မရှိပါဘူး။ တစ်နိုင်ငံလုံးကို လွှမ်းခြုံပြီးတော့ နောင် တိုင်းနဲ့ ပြည်နယ် အစိုးရ ဖွဲ့စည်းတဲ့ အခါ အင်န်အယ်လ်ဒီ အမတ်တွေက ဝန်ကြီးချုပ်နေရာ ရယူပြီး အစိုးရအဖွဲ့ဝင်တွေအဖြစ် အခြားသော ပါတီက အမတ်တွေ၊ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းသွားမယ် လို့တော့ ပြောထားပါတယ်။

နောက်ပိုင်း ANP ရဲ့ အဲဒီ ကြေငြာချက်နဲ့ ပတ်သက်ပြီး ပါတီတွင်း သဘောထား ကွဲပြားမှုတွေ ထွက်ပေါ်လာပါတယ်။ ပါတီခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးအေးသာအောင် ဆိုရင် ကြေငြာချက် ထုတ်တာ သူဘာမှ မသိရတဲ့အကြောင်း ပြောဆိုသလို၊ အင်န်အယ်လ်ဒီ ကနေ အမျိုးသား လွှတ်တော် ဒုက္ကဌ တာဝန်ယူဖို့ ကမ်းလှမ်းတော့လဲ ပါတီနဲ့ ညှိတာနှိုင်းတာ မလုပ်တော့ပဲ လက်ခံလိုက်ပါတယ်။ ANP ပါတီရဲ့ အဲဒီ အငြင်းပွားဖွယ် ကြေငြာချက်နဲ့ ပတ်သက်ပြီး ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် ကော်မ တီဝင် တစ်ဦးဖြစ်သူ ဦးမျိုးကျော်ကတော့ ခုလို ပြောဆိုထားပါတယ်။

"၁/ ၂ဝ၁၆ ဟာ ကျနော်တို့ပါတီရဲ့စည်းမျဉ်းနဲ့ကျတော့ မညီဘူးဗျ၊ မညီတဲ့အကြောင်းက ဒီရခိုင် အမျိုးသား ပါတီမှာ အဲ့လိုကြေညာချက်တွေထုတ်ဖို့၊ တစ်ခုခုဆုံးဖြတ် ဖို့ဆိုရင် CEC ရဲ့ကျနော် တို့ တဝက်ကျော် တက်ရမယ့် အစည်းအဝေးကသာ ဆုံးဖြတ်ချက်ပေးပြီး လုပ်လို့ရမယ်၊ CEC ကထုတ် ပြန်တဲ့ ၁/ ၂ဝ၁၆ ဟာ CEC အဲ့ပွဲကို ၇ ယောက် ပဲတက်တယ်၊ ကျနော်တို့ပါတီမှာ အခုချိန်ထိ ၃၇ ယောက် ရှိတယ်၊ ၇ ယောက် တက်ပြီးတော့ တစ်ဦးသောပုဂ္ဂိုလ်က ဒီဟာ ပုံစံမကျ၊ ဘောင် မဝင်ဘူး ဆိုတာ သူတို့ ငြင်းချက်ထုတ်ပြီးတော့ ကန့်ကွက်တယ်၊ ဒါပေမယ့် သူတို့ထုတ်လိုက်တဲ့ အချိန်မှာ ဘောင်မဝင်ဘူး ဖြစ်တာပေါ့နော်၊ ANP အနေနဲ့ အတိုက် အခံနေသွားမယ်ဆိုတဲ့ပုံစံမျိုးက ဒီလိုအ ရေးကြီးတဲ့ ကြေညာချက်မျိုးကို CEC အဆိုမဟုတ် ရင်တောင်မှ အများစုတက်တဲ့ အစည်းအဝေး မျိုးကသာ ဆုံးဖြတ်သင့် တယ်လို့ ကျနော်ထင်တယ်" လို့ဆိုပါတယ်။

ANP ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က အစည်းအဝေး မတက်ရောက် နိုင်သူတချို့ကို ဖုန်းနဲ့ ဆက်သွယ်ပြောဆိုပြီးမှ ထုတ်ပြန် တဲ့ ကြေညာချက် ဖြစ်တယ်လို့ ပြောပါတယ်။ "ဗဟိုကော်မတီကနေ ဗဟိုအလုပ်အမှုဆောင် CEC၊ CEC ကနေ ဥက္ကဌအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့ ကို ပေးထားပြီးတော့ အခုကြေညာချက် ကလည်း ဥက္ကဌအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့ကနေ မလာနိုင်တဲ့ သူတွေကို ဖုန်းနဲ့အကြောင်းကြား တယ်၊ တချို့ကတော့ ဘယ်လိုမှဆက်သွယ်လို့မရတော့ဘူးလေ၊ အယောက် ၂ဝ ရဲ့ သဘောတူညီချက်ရရင် တရားဝင်တယ်၊ အဲ့ဒါကြောင့် ဒီကြေညာချက်ဟာ တရားဝင် ပါတယ်၊ နောက်တစ်ခုက ဒါ အထင်အရှား အားလုံး ကထောက်ခံထားတဲ့အတွက် ဒီဟာက အတည်ဖြစ် ပါတယ်" လို့ ဆိုပါတယ်။

ဒါတွေကိုကြည့်ရင် ANP ပါတီထဲမှာ သဘောထားကွဲပြားမှုတွေ ရှိနေတာ ထင်ရှားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ANP ပါတီဆိုတာ ဦးအေးသာအောင် ဦးဆောင်တဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် RNDP ပါတီ နှစ်ခု ပေါင်းထားတာပါ။ ဒီကနေ့ အချိန်ထိ တပ်ပေါင်းစု အသွင်ဆောင်နေသေးတယ် ဆိုတာ မမေ့သင့်ပါဘူး။ ပါတီရဲ့ တကယ့် အရေးကြီးတဲ့ ကိစ္စတွေ ဆုံးဖြတ်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက်နဲ့ ဆုံးဖြတ်သင့်ပါတယ်။ အနည်းဆုံး နှစ်ဖက် ပါတီခေါင်းဆောင်တွေ သဘောတူတာမျိုးကိုမှ လုပ်ကိုင်ဆောင်ရွက်သင့်တာပါ။

ဒီကနေ့ ANP ပါတီ အဓိက ဆောင်ရွက်သင့်တာကတော့ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ အသွင်ကူးပြောင်းရေး ဆောင်ရွက်နေတဲ့ အင်န်အယ်လ်ဒီ ပါတီနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ရေး ပါ။ ငါတို့ပါတီ အကျိုးစီးပွားဟာ နံပါတ်(၁)။ ငါတို့ပါတီ တောင်းဆိုတာကို မလိုက်လျောရင် အင်န်အ ယ်လ်ဒီကိုလည်း ဆန့်ကျင်မယ်၊ သပိတ်မှောက်မယ်၊ အင်န်အယ်လ်ဒီဟာလည်း အရင် ပြည်ခိုင်ဖြိုးနဲ့ အတူတူပဲ ဆိုတဲ့ အတွေးအခေါ် အပြောအဆိုမျိုးဟာ အလွန်မှားယွင်းပါတယ်။ ဒီနေရာမှာ SNLD ကျားခေါင်းပါတီ ခေါင်းဆောင် ဦးစိုင်းညွန့်လွင် ပြောတဲ့စကားတစ်ခွန်း မှတ်သားဖို့ ကောင်းပါတယ်။

သူက “ တစ်ခုက အင်န်အယ်လ်ဒီ အစိုးရဖြစ်မယ် ဆိုတော့ ကျွန်တော်တို့ အတိုက်အခံ လုပ်ဖို့ ခက်မယ်လေ၊ အရင် ပြည်ခိုင်ဖြိုး အစိုးရဆိုရင်တော့ အတိုက်အခံ လုပ်ရတာ ပြသနာ မရှိဘူး။ နောက်ပြီးတော့ တစ်ခုက ပြည်နယ်ကိစ္စ တခု ထားလိုက်ဦး။ ပြည်ထောင်စုမှာက ဒီအချိန်မှာ ဘာဖြစ်ဖြစ် အင်န်အယ်လ်ဒီ ကို အားပေးသင့်တယ်လို့ ထင်တယ်။ သူ အခက်အခဲဖြစ်အောင် ကျွန်တော်တို့ အုပ်စုတွေက ဝိုင်းပြီး မလုပ်သင့်ဘူးလို့ထင်တယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့ လန်ကျသွားလို့ရှိရင် လူဟောင်းတွေ ပြန်လာလိမ့်မယ်ဗျ။ အဲဒါမကောင်းဘူး။ အဲဒီတော့ အဲဒါမျိုး မဖြစ်အောင်ကျွန်တော်တို့က သူ့ကို ဝိုင်းထိန်းပြီး လုပ်ခွင့်ရအောင်၊ ကျွန်တော်တို့ အသက်ရှည်ဖို့ ကျွန်တော်တို့ လုပ်ပေးဖို့ လိုတယ်ဗျ။” လို့ ပြောဆိုထားပါတယ်။

သူပြောတာ ရှင်းပါတယ်။ ဒီကနေ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ အဓိက တာဝန်ဟာ ပြည်ထောင်စု အဆင့်မှာ ရွေးကောက်ခံ လွှတ်တော်၊ ရွေးကောက်ခံ အရပ်သား အစိုးရ ခိုင်မာအားကောင်းရေးကို ကူညီထောက်ခ အားပေးံ ကြဖို့ လိုပါတယ်။ ဒါမှသာ စစ်အာဏာရှင်စနစ် နောက်တ ကျော့ ပြန်မလာမှာဖြစ်ပါတယ်။ ပြည်ထောင်စု အဆင့် ခိုင်မာအောင် ဝိုင်းဝန်း တည်ဆောက်တာကို အဓိကထားပြီး ကိုယ့်ပြည်နယ် ကိုယ့်လူမျိုးအကျိုးစီးပွားကို အင်န်အယ်လ်ဒီနဲ့ ပူးပေါင်းဆောင်ရွက်သင့် ပါတယ်။ ရခိုင်တိုင်းရင်းသားတွေဟာ အခြားတိုင်းရင်းသားတွေနဲ့ မတူ၊ စံနမူနာအဖြစ် ပါတီ နှစ်ခုကို တစ်ခုထဲဖြစ်အောင် ပေါင်းစည်းနိုင်ခဲ့တဲ့ အစဉ်အလာ ရှိတာမို့ အခု အစည်းအဝေးမှာလည်း ညီညွတ် ရေးကို ပြန်လည် တည်ဆောက်နိုင်မယ့်အပြင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချမှတ်နိုင်လိမ့် မယ်လို့ ယုံကြည်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags