ယူကရိန်းစစ်ပွဲ ၄ လမြောက်ချိန် ဒွန်ဘတ်စ်ဒေသကို ရုရှက အပြင်းအထန် ထိုးစစ်ဆင် 

ယူကရိန်းစစ်ပွဲ ၄ လမြောက်ချိန် ဒွန်ဘတ်စ်ဒေသကို ရုရှက အပြင်းအထန် ထိုးစစ်ဆင် 
Photo - AFP

မေ ၂၄

ယူကရိန်းစစ်ပွဲ လေးလအတွင်း ဝင်ရောက်လာချိန်တွင် ရုရှတပ်ဖွဲ့ဝင်များသည် အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသက လူးဟန့်စ်ခ်အရပ် ဝန်းကျင်ရှိ နောက်ဆုံး ခုခံစစ်များကို အင်္ဂါနေ့တွင် အပြင်းအထန် ထိုးစစ်ဆင်လာကြသည်။ 

ဖေဖော်ဝါရီ နှောင်းပိုင်း၌ ရုရှ ကျူးကျော်ချိန်မှစကာ အနောက်အုပ်စု၏ အထောက်အပံ့အကူအညီများက ယူကရိန်းအတွက် ကိယက်ဗ်မြို့တော်အပါအဝင် နယ်မြေဧရိယာများစွာတွင် ခြေကုပ်ယူ ခုခံနိုင်စွမ်းကို အားဖြည့်ပေးလျက်ရှိသည်။ သို့ရာတွင် ရုရှသည် လက်ရှိ၌ ဒွန်ဘတ်စ်ဒေသနှင့် တောင်ပိုင်းကမ်းရိုးတန်းတို့၌ အောင်ပွဲများ ရရှိနိုင်ရေးကို ဦးတည်လာခဲ့သည်။ 

ဒေသခေါင်းဆောင်များနှင့် ဒေသခံများက ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခံရကြောင်း သတင်းများ ထုတ်ပြန်ပြီးနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက “စစ်ပွဲရဲ့ လာမယ့် သီတင်းပတ်တွေဟာ ပိုပြီး ခက်ခဲတော့မှာ ဖြစ်တယ်၊ ဒါကို ကျွန်တော်တို့အနေနဲ့ သတိရှိထားကြရမယ်”ဟု ညပိုင်း မိန့်ခွန်း၌ ပြောဆိုသည်။ 

“ဒီကနေ့မှာ အခက်ခဲဆုံး တိုက်ပွဲကတော့ ဒွန်ဘတ်စ်မှာပဲ ဖြစ်တယ်”ဟု ဇယ်လန်စကီးက ပြောရင်း ဘတ်ရှ်မတ်၊ ပိုပတ်စ်နာနှင့် ဆီဗာရိုဒွန်နက်စ်မြို့များသည် အဆိုးဆုံး တိုက်ပွဲဖြစ်နေကြောင်း ပြောသည်။ 

ဒေသတွင်း၌ ရုရှတပ်များသည် မရပ်မနား ‘ထိုးစစ်များ ဆင်နွှဲနေကြောင်း’ ယူကရိန်း လက်နက်ကိုင်တပ်က အင်္ဂါနေ့တွင် ဖေ့ဘုတ်၌ ရေးသားဖော်ပြသည်။ 

လူးဟန့်စ်ခ်ဒေသ အုပ်ချုပ်ရေးမှူးက ၎င်း၏ ဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ရေးအတွက် ရုရှသည် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စေလွှတ်ထားပြီး ဆီဗာရိုဒွန်နက်စ်က အကြီးအကျယ်တိုက်ခိုက်ခံနေရသည်ဟု ပြောကာ ဒေသခံများအနေဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အရမ်းနောက်ကျနေပြီဟု သတိပေးသည်။ 

 “ခုချိန်မှာတော့ ထွက်ခွာသွားကြဖို့ ကျွန်တော် ပြောတော့မှာ မဟုတ်ဘူး၊ ခုချိန်မှာ ကျွန်တော် ပြောမှာကတော့ လုံခြုံရာမှာ ခိုလှုံနေကြဖို့ပဲ ပြောချင်တယ်”ဟု ဆာဂျေး ဂိုင်ဒိုင်းက တယ်လီဂရမ်တွင် ရေးသားသည်။ “အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကျွန်တော်တို့အနေနဲ့ တစ်စုတစ်စည်း ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ မတတ်နိုင်တော့ဘူး”ဟု ၎င်းက ရေးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly