အာဖဂန်နစ္စတန်၌ အကြမ်းဖက်ဝါဒ ပြန်လည်ရှင်သန်လာဟု ကုလ အကြီးအကဲ သတိပေး

By The Statesman
21 May 2022
အာဖဂန်နစ္စတန်၌ အကြမ်းဖက်ဝါဒ ပြန်လည်ရှင်သန်လာဟု ကုလ အကြီးအကဲ သတိပေး
Photo: EPA

အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်ဝါဒ ပြန်လည်ရှင်သန်လာနေပြီး ယင်းက ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က လူ့အခွင့်အရေး ညှိနှိုင်းဆွေးနွေးပွဲတစ်ခု၌ ပြောကြားလိုက်သည်။

စပိန်နိုင်ငံတွင် ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး ညှိနှိုင်းဆွေးနွေးပွဲတစ်ခုအတွင်း ဂူတာရက်စ်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ပေါက်ကွဲမှုဖြစ်စဉ်များ ပေါ်ပေါက်နေခြင်းနှင့် အထူးသဖြင့် လူနည်းစုများအတွက် ခုခံနိုင်စွမ်း အားနည်းသော လုံခြုံရေး အခြေအနေများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၊ အီးယူ၊ အမေရိကန်နှင့် အခြားနိုင်ငံများ အပါအဝင် ကမ္ဘာတဝန်းမှ ပြစ်တင်ရှုတ်ချမှုများ ရှိနေသည်။

လူကျင့်ဝတ်ဆိုင်ရာနဲ့ ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားတစ်ခုအနေနဲ့ရော မဟာဗျူဟာဆိုင်ရာ မရှိမဖြစ် အရေးပါတဲ့အရာတစ်ခုအနေနဲ့ မိမိတို့ဟာ အကြမ်းဖက်မှုကို တိုက်ဖျက်ရာမှာ လူ့အခွင့်အရေးကို သူရှိရမယ့် အဓိကရှေ့တန်းနေရာမှာ ထားကြပါစို့” ဟု ဂူတာရက်စ်က ပြောကြောင်း Khaama Press က ဖော်ပြသည်။

အကြမ်းဖက်မှုကို တုံ့ပြန်တိုက်ဖျက်ခြင်းက ဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှုနှင့် ကျားမ တန်းတူညီမျှရှိမှုတို့အပေါ် အခြေခံရလိမ့်မည်ဖြစ်ကြောင်း ကုလအကြီးအကဲက ပြောသည်။

အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုက တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်ပြီး ယင်းက ဆက်လက် မြင့်တက်နေသည်ဟု ၎င်းက ထောက်ပြပြောဆိုသည်။ အာဖရိကတွင် အစ္စလမ္မစ် နိုင်ငံတော် (ISIS) အဖွဲ့နှင့် အယ်လ်ကိုင်ဒါတို့၏ ချဲ့ထွင်မှုနှင့် အာဖဂန်နစ္စတန်၌ အကြမ်းဖက်ဝါဒ ပြန်လည်ရှင်သန်မှုတို့အကြောင်း ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required