ယူကရိန်း ကျူးကျော်စစ်ကြောင့် ရုရှသံတမန်တစ်ဦး ရာထူးမှ နုတ်ထွက် 

ယူကရိန်း ကျူးကျော်စစ်ကြောင့် ရုရှသံတမန်တစ်ဦး ရာထူးမှ နုတ်ထွက် 

မေ ၂၄

ရုရှ၏ ယူကရိန်းအား ကျူးကျော်စစ်ကို သဘောမတူနိုင်ခြင်းကြောင့် ဂျီနီဗာရှိ ကုလသမဂ္ဂတွင် ရုရှ အမြဲတမ်းမစ်ရှင်မှ သံတမန်တစ်ဦးသည် ရာထူးက နုတ်ထွက်ပြီဖြစ်ကြောင်း တနင်္လာနေ့က ပြောရာ စစ်ပွဲနှင့် ပတ်သက်ပြီး ရှားပါးသည့် နိုင်ငံရေးရာထူး နုတ်ထွက်မှုပင်  ဖြစ်သည်။ 

လက်နက်ထိန်းချုပ်ရေး ကုလသမဂ္ဂ၏ ရုရှအမြဲတမ်းမစ်ရှင်မှ အတိုင်ပင်ခံပုဂ္ဂိုလ်ဟု Linkedln တွင် ကိုယ့်ကိုယ်ကို ဖော်ပြထားသော ဘော်ရစ် ဘွန်ဒါရိဗ်က “တနင်္လာနေ့ နံနက်ပိုင်းမှာ မစ်ရှင်ကနေ ကျွန်တော် ထွက်ခွာခဲ့ပြီး နုတ်ထွက်စာကို တင်ခဲ့ပါတယ်”ဟု ရိုက်တာသို့ ပြောသည်။ 

“ခုလို နုတ်ထွက်ဖို့ ကြံနေတာ နှစ်အနည်းငယ်ကတည်းကပါ၊ ဒါပေမဲ့ ဒီ စစ်ပွဲက ကျွန်တော်ကို အတည်နုတ်ထွက်ဖြစ်စေတော့တယ်”ဟု ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ပြီး ယူကရိန်းအား ရုရှ၏ ကျူးကျော်မှုကို ရည်ညွှန်းကာ ၎င်းက ဆိုသည်။ 

ကျူးကျော်မှုနှင့် ပတ်သက်ပြီး ၎င်း၏ စိုးရိမ်ပူပန်မှုကို အကြီးတန်း သံရုံးဝန်ထမ်းများနှင့် သုံးလေးကြိမ်ထက်မနည်း ပြောဆိုဆွေးနွေးဖူးကြောင်း ၎င်းက ပြောသည်။ “မဖြစ်သင့်တာတွေ မဖြစ်အောင် နှုတ်ပိတ်နေဖို့ပဲ ကျွန်တော် အပြောခံရတယ်”ဟု ၎င်းက ဆိုသည်။ 

ကုလသမဂ္ဂဆိုင်ရာ ရုရှအမြဲတမ်းမစ်ရှင်မှ လတ်တလော ထင်မြင်ချက် မပေးလာသေးပေ။ 

အစောပိုင်းက ဘော်ရစ် ဘွန်ဒါရိဗ်သည် ၎င်း၏ နုတ်ထွက်ကြောင်းကို Linkedln တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ 

“ကျွန်တော်ဟာ သံတမန်တစ်ဦးဖြစ်ဖို့ လေ့လာသင်ယူခဲ့တယ်၊ သံတမန်တစ်ဦးအဖြစ် နှစ်နှစ်ဆယ် တာဝန်ထမ်းခဲ့တယ်”ဟု ဘွန်ဒါရိဗ်က ရေးသားသည်။ “ရုရှနိုင်ငံခြားရေးဝန်ကြီးဌာနဟာ ကျွန်တော့်ရဲ့ အိမ်နဲ့ ကျွန်တော့်ရဲ့ မိသားစုဖြစ်ခဲ့တယ်၊ ဒါပေမဲ့ လုံးလုံးကို မိုက်မဲပြီး အသုံးမဝင်တဲ့ လူပုံအလယ် အရှက်ရနေရတဲ့ အဖြစ်ကို ကျွန်တော် ကြာကြာ မခံနိုင်တော့ပါဘူး”ဟု ၎င်းက ရေးသားသည်။ 

မတ်လအတွင်းက လူ့အခွင့်အရေး ကောင်စီ ဆွေးနွေးပွဲတွင် ရုရှသံတမန်များ  နုတ်ထွက်ကြရန် ယူကရိန်းက တိုက်တွန်းထားခဲ့သည်။ သို့ရာတွင် နောက်လူများ လိုက်ပါဆောင်ရွက်လိမ့်မည်ဟု မမျှော်လင့်ကြောင်း ဘွန်ဒါရိဗ်က ပြောသည်။ “နုတ်ထွက်တာမျိုးက ကျွန်တော် တစ်ယောက်တည်းပဲ ရှိလိမ့်မယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

ထောင်ချခံ ရုရှအား ဝေဖန်သူ အလက်ဇီ နာဗယ်နီ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ကီရာ ယာမစ်ရှ်က ယခု နုတ်ထွက်မှုကို ကြိုဆိုဂုဏ်ပြုသည်။ 

“နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ရိုးသားဖြောင့်မတ်သူ တစ်ဦးတည် ရှိပုံရပါတယ်”ဟု ၎င်းက တွစ်တာတွင် ရေးသားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required