ယူကရိန်း၌ စစ်ရာဇဝတ်မှု စစ်ဆေးကြားနာမှုတွင် ရုရှစစ်သားကို ထောင်ဒဏ်တစ်သက် ချမှတ်

ယူကရိန်း၌ စစ်ရာဇဝတ်မှု စစ်ဆေးကြားနာမှုတွင် ရုရှစစ်သားကို ထောင်ဒဏ်တစ်သက် ချမှတ်

မေ ၂၄

ယူကရိန်းနိုင်ငံတွင် အရပ်သားတစ်ဦးအား သတ်ဖြတ်ခဲ့သော အသက် ၂၁ နှစ်ရှိ ရုရှစစ်သားတစ်ဦးကို စစ်ရာဇဝတ်မှုအတွက် အပြစ်ရှိကြောင်း ကိယက်ဗ် တရားရုံးတစ်ခုက မေ ၂၃ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်။

ယင်းသည် ရုရှ ကျူးကျော်မှုနောက်ပိုင်း မော်စကို၏ တပ်ဖွဲ့များအ‌ပေါ် ချမှတ်သည့် ပထမဆုံး တရားရုံး ဆုံးဖြတ်ချက်လည်း ဖြစ်သည်။

“ရုရှစစ်သား ဗာဒင် ရှီရှီမာရင်မှာ အပြစ်ရှိတယ် ဆိုတာကို တရားရုံးက စစ်ဆေးတွေ့ရှိခဲ့တာကြောင့် သူ့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်” ဟု တရားသူကြီး ဆာဂျီ အဂါဖိုနော့ဗ်က ပြောသည်။

ရုရှတပ်ကြပ် ရှီရှီမာရင်သည် ယူကရိန်း အရှေ့မြောက်ပိုင်း၌ ရုရှ၏ ထိုးစစ်ဆင်မှု ပထမဆုံးနေ့ရက်များအတွင်းက အသက် ၆၂ နှစ်အရွယ် ယူကရိန်းအရပ်သား အိုလက်ခ် ဆန်ဒါ ရှီလီပေါ့ဗ်ကို ပစ်သတ်ခဲ့သည်ဟု တရားရုံးတွင် ဝန်ခံထွက်ဆိုခဲ့သည်။

၎င်းသည် ကြိုတင်ကြံရွယ်ထားသော လူသတ်မှုဖြင့် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ “ဒီလူသတ်မှုကို တိုက်ရိုက် အကြံ ရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့တာပါ” ဟု တရားသူကြီး အဂါဖိုနော့ဗ်က ပြောသည်။

“ရှီရှီမာရင်က စစ်ရဲ့ ဥပဒေနဲ့ ထုံးတမ်းတွေကို ချိုးဖောက်ခဲ့ပါတယ်”

ရုရှစစ်သားက ပြီးခဲ့သည့်အပတ်က တရားရုံး၌ ထွက်ဆိုရာတွင် ၎င်းနှင့် အခြားစစ်သားများသည် ရုရှ၏ ကျူးကျော်မှု စတင်ပြီး လေးရက်မြောက်နေ့ဖြစ်သည့် ဖေဖေါ်ဝါရီ ၂၈ ရက်က ခိုးယူထားသော ကားတစ်စီးဖြင့် ရုရှသို့ ပြန်ဆုတ်ရန် ကြိုးပမ်းခဲ့စဉ် အခြားစစ်သားတစ်ဦး၏ ဖိအားပေးမှုကြောင့် ရှီလီပေါ့ဗ်ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။

ယင်းအပေါ် ရှီရှီမာရင်က တောင်းပန်ခဲ့ပြီး ၎င်းကို ခွင့်လွှတ်ပေးရန် ရှီလီပေါ့ဗ်၏ ကျန်ရစ်သူဇနီးကို တောင်းဆိုခဲ့သည်။

ယခု အထင်ကရ တရားရုံး ဆုံးဖြတ်ချက်ထွက်ရှိပြီးနောက် နောက်ထပ် တရားရုံး စီရင်ဆုံးဖြတ်ချက်များ ထပ်မံ ပေါ်ထွက်လာဖွယ် ရှိနေပြီး ရုရှသမ္မတ ဗလာဒီမာ ပူတင်က ၎င်း၏ တပ်ဖွဲ့များကို ယူကရိန်းသို့ စေလွှတ်လိုက်ပြီးနောက်ပိုင်း ယူကရိန်းသည် စစ်ရာဇဝတ်မှုပေါင်း ထောင်နှင့်ချီကို အမှုဖွင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required