မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်မည်ဟု စိုးရိမ်မှုများကြား ဂျပန်သို့ ဂျိုး ဘိုင်ဒင် ရောက်ရှိ 

မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်မည်ဟု စိုးရိမ်မှုများကြား ဂျပန်သို့ ဂျိုး ဘိုင်ဒင် ရောက်ရှိ 
Photo - AFP

မေ ၂၃

ဒေသတွင်း အမေရိကန်၏ ကတိကဝတ်များကို သိသာထင်ရှားစေရန်အတွက် အာရှခရီးစဉ်၏ ဒုတိယမြောက်နေရာအဖြစ် ဂျပန်နိုင်ငံသို့ သမ္မတ ဂျိုး ဘိုင်ဒင်သည် တနင်္ဂနွေနေ့တွင် ရောက်ရှိသည်။ 

အမေရိကန်၏ ကမ်းလှမ်းချက်ကို မျက်ကွယ်ပြုပြီး မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်လာလိမ့်မည်ဟု စိုးရိမ်ပူပန်မှုများကြား ဂျိုး ဘိုင်ဒင်၏ အာရှခရီးစဉ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

သမ္မတအဖြစ် အာရှသို့ ပထမဆုံး ခရီးစဉ်ထွက်သည့် ဂျိုး ဘိုင်ဒင်သည် တောင်ကိုရီးယားမှနေ၍ တိုကျိုအပြင်ဘက် ယိုကိုတာ လေတပ်စခန်းသို့ ရောက်ရှိကာ တနင်္လာနေ့တွင် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့် ဘုရင်မင်းမြတ်တို့နှင့် တွေ့ဆုံမည် ဖြစ်သကဲ့သို့ အမေရိကန်ဦးဆောင်သည့် ဘက်ပေါင်းစုံ ကုန်သွယ်ရေးလုပ်ငန်းစဉ်ကိုလည်း ဖော်ဆောင်သွားမည် ဖြစ်သည်။ 

အင်္ဂါနေ့တွင် Quad အဖွဲ့၏ ထိပ်သီးအစည်းအဝေးအတွက် ဩစတြေးလျ အိန္ဒိယနှင့် ဂျပန်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကာ အာရှ-ပစိဖိတ်ဒေသ၌ အမေရိကန်၏ ဦးဆောင်မှုအခန်းကဏ္ဍကို မြှင့်တင်သွားမည်ဖြစ်သည်။ 

ပြိုင်ဘက် တရုတ်နိုင်ငံ၌ COVID-19 ကူးစက်ဖြစ်ပွားမှုများကြောင့် စီးပွားရေး အမျှင်ပြတ်မှုများ ကြုံတွေ့နေစဉ် ထွက်ပေါ်လာသော ယခု ခရီးစဉ်က အမေရိကန်၏ ဒေသတွင်း ကုန်သွယ်ရေးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပြသလာခြင်းလည်း ဖြစ်သည်။ 

သို့ရာတွင် ဂျိုး ဘိုင်ဒင်၏ ခရီးစဉ် ခြေလှမ်းတိုင်း၌ မခန့်မှန်းနိုင်သော မြောက်ကိုရီးယား၏ နျူကလီးယား တင်ဆောင်စွမ်းသော ဒုံးကျည် သို့မဟုတ် ဗုံး စမ်းသပ်လာမည်ဆိုသော စိုးရိမ်မှုက အရိပ်လွှမ်းထားသည်။ 

တောင်ကိုရီးယားတွင် ဂျိုး ဘိုင်ဒင်က နယ်စပ်ကို ဖြတ်စဉ်၌ ထိုသို့ မြောက်ကိုရီးယားက လက်နက်စမ်းသပ်မည်ဆိုသော ထင်ကြေးများက အမှန်တကယ် မဖြစ်ပေါ်လာခဲ့ပေ။ သို့ရာတွင် ခြိမ်းခြောက်မှုက ဆက်လက်ရှိနေဆဲဖြစ်သည်ဟု အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်က သတင်းထောက်များအား ပြောသည်။ 

အမေရိကန်သည် “မြောက်ကိုရီးယား ဆောင်ရွက်လုပ်ဆောင်သမျှအတွက် ပြင်ဆင်ထားကြောင်း” ဂျိုး ဘိုင်ဒင်၏ အစောပိုင်း ထုတ်ပြန်ချက်ကို သံယောင်ပြုရင်း မြောက်ကိုရီးယား အာဏာရှင်က ရွေးချယ်ရမည်ဖြစ်ကြောင်း ဆူလီဗန်က ဆိုသည်။ 

“တကယ်လို့ မြောက်ကိုရီးယားက လက်နက်စမ်းသပ်ခဲ့ရင် ကျွန်တော်တို့ တုံ့ပြန်သွားဖို့ ပြင်ဆင်ထားတယ်၊ မြောက်ကိုရီးယားအနေနဲ့ လက်နက်မစမ်းသပ်ဘူးဆိုရင်တော့ သူ့နိုင်ငံအတွက် အခွင့်အရေး ရှိမှာ ဖြစ်တယ်”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required