ပါကစ္စတန်က ထိန်းသိမ်းထားသည့် TTP အကြမ်းဖက်သမား ၃၀ ဦးကို ပြန်လွှတ်ပေးကြောင်း သတင်းထွက်ပေါ်

By The Print
22 May 2022
ပါကစ္စတန်က ထိန်းသိမ်းထားသည့် TTP အကြမ်းဖက်သမား ၃၀ ဦးကို ပြန်လွှတ်ပေးကြောင်း သတင်းထွက်ပေါ်

ပါကစ္စတန်အစိုးရသည် ပါကစ္စတန်-တာလီဘန် ဟု သိကြသော Tehreek-e-Taliban Pakistan (TTP) အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်းနေပြီး အဆိုပါ TTP အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမားအယောက် ၃၀ ကို ပြန်လွှတ်ပေးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ အဆိုပါ အဖွဲ့သည် အာဖဂန်နစ္စတန်၌ တာလီဘန်အစိုးရ ထူထောင်ပြီးနောက်ပိုင်း ပိုမိုအားကောင်းစွာဖြင့် ပေါ်ထွက်ထားခဲ့သည်။

အဆိုပါ သတင်းကို တရားဝင် သတင်းရင်းမြစ်များက အတည်ပြုခြင်း မရှိသေးဟု ပြည်တွင်းမီဒီယာ Geo News ကို ကိုးကားပြီး News International က ဖော်ပြသည်။

ပြန်လွတ်သွားသည် ဆိုသော အကြမ်းဖက်သမားများအနက် အများစုသည် ပါကစ္စတန်၏ အနောက်မြောက် ပြည်နယ်ဖြစ်သော ခိုင်ဘာ ပက်ခ်တွန်ခဝါ နှင့် ဝါဇီရစ္စတန် တောင်ပိုင်း၊ မြောက်ပိုင်း မျိုးနွယ်စု ဧရိယာများမှ ဖြစ်သည်။

လူသိများ ထင်ရှားသော အကျဉ်းသားများ ပြန်လွတ်လာခြင်း မရှိကြောင်းလည်း သတင်းများက ဖော်ပြသည်။‌

ပက်ရှာဝါ တပ်ဖွဲ့မှ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ဖိုင့်ဇ် ဟာမိဒ် ဦးဆောင်သော ပါကစ္စတန် ကိုယ်စားလှယ် အဖွဲ့တစ်ခုသည် ပိတ်ပင်တားမြစ်ခံ Tehreek-e-Taliban Pakistan (TTP) အဖွဲ့၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးရန် မေ ၁၆ ရက်က ကဘူးလ်သို့ သွားရောက်ခဲ့သည်။

ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့ ကဘူးလ်သို့ သွားရောက်ခြင်းမှာ ပါကစ္စတန်အစိုးရနှင့် TTP အကြား သဘောတူညီချက်တစ်ရပ် ရယူနိုင်ရေး ဆွေးနွေးရန် သွားရောက်ခြင်း ဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly