ယူကရိန်းစစ်ပွဲဖြစ်နေချိန်တွင် တရုတ်က ရုရှားမှ ကျောက်မီးသွေးတင်သွင်းမှု ၂ ဆနီးပါး မြင့်တက်

ယူကရိန်းစစ်ပွဲဖြစ်နေချိန်တွင် တရုတ်က ရုရှားမှ ကျောက်မီးသွေးတင်သွင်းမှု ၂ ဆနီးပါး မြင့်တက်

ရုရှားနိုင်ငံမှ တရုတ်၏ ကျောက်မီးသွေးတင်သွင်းမှုသည် မတ်လမှ ဧပြီလအတွင်း ၂ ဆနီးပါး မြင့်တက်ခဲ့ပြီး မက်ထရစ်တန်ချိန် ၄ ဒသမ ၄၂ သန်းအထိ ရောက်ရှိခဲ့ကြောင်း CNN က ဖော်ပြသည်။

တရုတ်သည် စျေးပေါသော ရုရှားကျောက်မီးသွေးကို မက်ထရစ်တန်ချိန် ၄ ဒသမ ၄၂ သန်းအထိ စံချိန်တင်ဝယ်ယူနေကြောင်း ကုန်သွယ်မှုအချက်အလက်များကို ကိုးကား၍ CNN က ဖော်ပြခဲ့သည်။

ရုရှားသည် ယမန်နှစ်ကတည်းက တရုတ်အတွက် ဒုတိယအများဆုံး ကျောက်မီးသွေး ပေးသွင်းသူအဖြစ် သြစတြေးလျကို ကျော်လွန်ခဲ့ပြီး မတ်လတွင် ကျောက်မီးသွေးတင်သွင်းမှု ရှယ်ယာ ၁၄ ရာခိုင်နှုန်းရှိရာမှ ယခုအခါ ၁၉ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂ (အီးယူ) တို့ ဦးဆောင်သော အနောက်နိုင်ငံများက ယူကရိန်းကို ကျူးကျော်မှုနှင့် ပတ်သက်၍ ရုရှားကို ပစ်မှတ်ထားနေစဉ် ယခုကဲ့သို့ စံချိန်တင်ဝယ်ယူမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

တရုတ်သည် ဖြစ်နိုင်သမျှ ရုရှားနှင့် အပေးအယူများ ပြုလုပ်ရန် ဆုံးဖြတ်ထားသောကြောင့် ဒဏ်ခတ် ပိတ်ဆို့မည်ကို စိုးရိမ်မှုထက် ရုရှားထံမှ ဓါတ်ငွေ့၊ ကျောက်မီးသွေး၊ ရေနံနှင့် တန်ဖိုးနည်း ဂျုံများကဲ့သို့ စျေးသက်သာသော စွမ်းအင်များ၏ ဆွဲဆောင်မှုက အလေးသာနေသည်။

ဂျပန်နှင့် ဥရောပသမဂ္ဂတို့က ရုရှားကုမ္ပဏီများထံမှ တင်သွင်းမှုကို တားမြစ်ထားသောကြောင့် တရုတ်က ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကို အပြည့်အဝ အခွင့်ကောင်းယူကာ ရုရှားက အထူးလျှော့ဈေးဖြင့်ပေးသည့် သံမဏိစက်ရုံများတွင် အသုံးပြုသော ကုတ်မီးသွေးကို အမိအရ ယူခဲ့သည်။

ယခုနှစ်တွင်လည်း တရုတ်နိုင်ငံသည် ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းကို မြှင့်တင်ရန် စီစဉ်ထားသည်။ တစ်နှစ်တည်းတွင်ပင် နောက်ထပ် ကျောက်မီးသွေးတန်ချိန် သန်း ၃၀၀ နီးပါး ထုတ်ယူနိုင်မည်ဖြစ်ကာ ၂၀၂၁ ခုနှစ်တွင် တူးဖော်ခဲ့သော တန်ချိန် ၄ ဒသမ ၁ ဘီလီယံထက် ၇ ရာခိုင်နှုန်း မြင့်မားမည်ဖြစ်သည်။

တရုတ်သည် စက်မှုခေတ်မတိုင်မီကရှိခဲ့သော လေထုပူနွေးလာမှုအဆင့်ထက် ၂ ဒီဂရီစင်တီဂရိတ်လျှေ့ချရန် ကြိုးပမ်းသွားမည်ဟုကတိပြုထားသော်လည်း မြေပြင်တွင် လုပ်ဆောင်နေမှုများနှင့် တစ်ခြားစီပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly