အိန္ဒိယက ရုရှားအပေါ် လက်နက်အတွက် မှီခိုနေရမှုကို လျှော့ချရန် အမေရိကန်က ဒေါ်လာ သန်း၅၀၀ ဖိုးစစ်ဘက်ဆိုင်ရာ အကူအညီပေးမည်

အိန္ဒိယက ရုရှားအပေါ် လက်နက်အတွက် မှီခိုနေရမှုကို လျှော့ချရန် အမေရိကန်က ဒေါ်လာ သန်း၅၀၀ ဖိုးစစ်ဘက်ဆိုင်ရာ အကူအညီပေးမည်

ယူကရိန်းကို ဝင်ရောက်ကျူးကျော်မှုကြောင့် ရုရှားအနေဖြင့် အနောက်နိုင်ငံများနှင့် ပြဿနာ ဖြစ်ပွားနေချိန်တွင် အိန္ဒိယက ရုရှားအပေါ် စစ်လက်နက်ပစ္စည်းအတွက် မှီခိုနေရခြင်းကို လျှော့ချရန်နှင့် အိန္ဒိယနှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံမှု ပိုမိုခိုင်မာစေရန် အမေရိကန်အစိုးရက ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။

အမေရိကန်က အိန္ဒိယသို့ စစ်လက်နက်ပစ္စည်းအကူအညီများပေးရန် ပြင်ဆင်နေကြောင်း ယင်းကိစ္စနှင့် ပတ်သက်၍ နီးစပ်သူတစ်ဦးက Bloomberg သို့ ပြောကြားသည်။ ယင်းအကူအညီတွင် ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ စစ်ရေးအရ ထောက်ပံ့မှုများလည်း ပါဝင်မည်ဖြစ်ရာ အိန္ဒိယအနေဖြင့် အစ္စရေးနှင့် အီဂျစ်တို့ပြီးနောက် အမေရိကန်ထံမှ စစ်လက်နက်အကူအညီအများဆုံးရရှိသည့် နိုင်ငံများတွင် ပါဝင်လာမည်ဖြစ်သည်။ အကူအညီပေးမည့် သဘောတူညီချက်နှင့် ပတ်သက်၍ အသေးစိတ်အတိအကျကို ကြေညာခြင်းမရှိသေးပေ။

‌အိန္ဒိယအား ရေရှည်လုံခြုံရေး မိတ်ဘက်အဖြစ် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ အကူအညီပေးမည့်အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယူကရိန်းအား ကျူးကျော်မှုကြောင့် ရုရှားအား ပြစ်တင်ရှုတ်ချရန် အနောက်နိုင်ငံများက အိန္ဒိယကို မကြာခဏ တွန်းအားပေးနေသော်လည်း ပြဿနာ ဖြေရှင်းရာ တွင် နှစ်နိုင်ငံအကြား ဆွေးနွေးရေးကိုသာ တိုက်တွန်းထားသည့် ရပ်တည်ချက်အပေါ် အိန္ဒိယက အခိုင်အမာရပ်တည်လျက်ရှိသည်။

‌အမေရိကန်အနေဖြင့် အားထားယုံကြည်ရသော မိတ်ဘက်အဖြစ် အိန္ဒိယက ထင်မြင်လာစေရန် ကြိုးပမ်းနေကြောင်း အုပ်ချုပ်ရေးဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားသည်။ ထို့ပြင် အိန္ဒိယက စစ်လက်နက် ပစ္စည်းများနှင့် ပတ်သက်၍ ရုရှားထံမှ မရယူတော့ရန် ဆောင်ရွက်နေခြင်းအပေါ် အမေရိကန်ကလည်း အကူအညီပေးရန် ဆန္ဒရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

“အဓိက ဖြစ်နေတဲ့ အခက်အခဲက အိန္ဒိယကို ဂျက်တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ၊ တိုက်ပွဲဝင် တင့်ကားတွေကို ဘယ်လို ပေးမလဲဆိုတာပါပဲ။ ဒီအကူအညီတွေထဲက တစ်ခုကို ပေးဖို့ နည်းလမ်းရှာနေပါတယ်။ ဒါတွေအတွက် ဒေါ်လာ ဘီလျံပေါင်းများစွာ ကုန်ကျမှာမို့ အခုပေးဖို့ စီစဉ်ထားတဲ့ ငွေကြေးအကူအညီက မလောက်ငှပါဘူး။ ဒါပေမယ့် ထိထိရောက်ရောက် ဖြစ်စေနိုင်ပါတယ်” ဟု လည်း အဆိုပါ အရာရှိက ပြောကြားသည်။

ယခုထွက်ပေါ်လာသည့် အစီအစဉ်အပေါ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက တုန့်ပြန်မှု မလုပ်သေးသလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နယူးဒေလီမြို့ရှိ အမေရိကန်သံရုံးတို့မှ အရာရှိများက မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။

‌အိန္ဒိယသည် ရုရှားလက်နက်များကို အများဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အမေရိကန်မှ စစ်လက်နက်ပစ္စည်း ဒေါ်လာ ၄ ဘီလျံနှင့် ရုရှားထံမှ ဒေါ်လာ ၂၅ဘီလျံဖိုး ဝယ်ယူခဲ့ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် သုတေသနဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required