လန်ဒန်၊ ဖေဖော်ဝါရီ ၄။ ။ ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန် ကစားသမား ၂၂ ဦးစာရင်း တင်သွင်းခဲ့ရာတွင် ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုကို ချန်ရစ်ခဲ့သည်။
ပြီးခဲ့သည့်ရာသီက မန်ယူအသင်းတွင် ခြေစွမ်းမပြနိုင်ခဲ့သော ဖယ်လ်ကာအိုသည် ယခုနှစ်ရာသီတွင်လည်း ချယ်လ်ဆီးအသင်း၌ ဒဏ်ရာများဖြင့် ရုန်းကန်နေရပြီး ခြေစွမ်းကျဆင်းလျက်ရှိသည်။ ဖယ်လ်ကာအိုသည် ချယ်လ်ဆီးအတွက် ၁၁ ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး တစ်ဂိုးသာ သွင်းယူထားသည်။
ချန်ပီယံလိဂ်ပြိုင်ပွဲဝင်မည့် ကစားသမား ၂၂ ဦးစာရင်းတွင် တိုက်စစ်မှူးသစ် ပါတိုနှင့် နောက်ခံလူသစ် မီယာဂါတို့ ပါဝင်ခဲ့ကြသည်။ ရွေးချယ်ထားသည့် ကစားသမားများမှာ ဂိုး-ဘီဂိုဗစ်၊ ကော့တွိုက်စ်၊ ဘလက်မန်း၊ ခံစစ်-အိုင်ဗန်နိုဗစ်၊ ဇူးမား၊ တယ်ရီ၊ ကာဟေးလ်၊ အက်စ်ပီလီကျူတာ၊ ဘာဘာရာမန်၊ မတ်မီယာဂါ၊ ကွင်းလယ်-ဖာဘရီဂက်စ်၊ အော်စကာ၊ ဟက်ဇက်၊ မာတစ်၊ မီခေးလ်၊ ပက်ဒရို၊ ဝီလျံ၊ ဘာထရန်ထရာအိုရေး၊ တိုက်စစ်-ဒီယေဂိုကော်စတာ၊ ရီမီ၊ ပါတို၊ ကန်နီဒီ တို့ဖြစ်သည်။
ယခုအချိန်တွင် ဖယ်လ်ကာအိုသည် ခြေသလုံးဒဏ်ရာမှ ပြန်လည်သက်သာလာနေပြီဖြစ်ပြီး ကြံ့ခိုင်မှု ပြည့်ဝရန် ကြိုးပမ်းလျက်ရှိသည်။ တရုတ်စူပါလိဂ် အပြောင်းအရွှေ့ဈေးကွက်၏ နောက်ဆုံးနေ့ဖြစ်သော ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ဖယ်လ်ကာအိုမှာ တရုတ်ကလပ်အသင်းတစ်သင်းသို့ ရောက်ရှိသွားဖွယ်လည်း ရှိနေသည်။