တနင်္သာရီတိုင်းက ကွမ်းသီးအနုများကို တရုတ်က စျေးကောင်းပေး၍ ဝယ်ယူနေ

တနင်္သာရီတိုင်းက ကွမ်းသီးအနုများကို တရုတ်က စျေးကောင်းပေး၍ ဝယ်ယူနေ

တနင်္သာရီ၊ မေလ၊ ၂၂

တနင်္သာရီတိုင်း အတွင်းက ထွက်ရှိသည့် ကွမ်းသီး အနုများကို တရုတ် စျေးကွက်က စျေးကောင်းပေး ဝယ်ယူမှုများ ရှိနေ၍ အရောင်း အဝယ် ဖြစ်နေကြောင်း မြိတ်ကွမ်းသီးအနု အဝယ်ဒိုင်များထံမှ သိရသည်။

အဆိုပါ ကွမ်းသီးနုများကို ဂရမ် အလေးချိန်ဖြင့် အရွယ် အစားပေါ် မူတည်ပြီး တစ်လုံးလျှင် အနိမ့်ဆုံး ငွေကျပ် ၃၅ကျပ်မှ အမြင့်ဆုံး ၆၅ကျပ်ထိ ပေးဝယ်နေသည်ဟု မြိတ်ကွမ်းသီးနု အဝယ်ဒိုင် တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြိတ်မြို့မှ ကွမ်းသီးနု အဝယ်ဒိုင်မှ တာဝန်ရှိသူ တစ်ဦးက“အဓိက ကတော့ ကွမ်းသီးနု စျေးကွက်က တရုတ်ကို ပြန်တင်ပို့တာ ဖြစ်တယ်၊ တရုတ်က စားသောက်ကုန်အဖြစ် ပြန်လုပ်ပြီး ရောင်းတယ်လို့တော့ အကြမ်းဖျင်း သိရပါတယ်”ဟု ပြော သည်။

ထိုသို့ တရုတ် စျေးကွက်က စျေးကောင်းပေး ဝယ်ယူမှုများ ရှိနေသော်လည်း ကွမ်းသီး ခြံရှင်နှင့် ဒေသခံတောင်သူ တချို့က ငွေပေါ် လိုသည့် အတွက် တောင်သူများက ကွမ်းသီးနုများကို ခူးယူ ရောင်းချ နေသူများလည်း ရှိနေကြောင်း တနင်္သာရီမြို့နယ်ရှိ တောင်သူများထံမှ သိရ သည်။

ယခင်က ကွမ်းသီးများကို ကွမ်းစိုက် တောင်သူ အများစုက ကွမ်းသီးပင်သည် ဧပြီလ နှင့် မေလ အတွင်း၌ စတင် အပွင့် ပွင့်ကာ အသီးကင်းနုများ စတင် ထွက်လေ့ရှိပြီး ပုံမှန်အားဖြင့် အသီးရင့်မှည့်ချိန်မှသာ ခူးယူခြင်းနှင့် ကြွေကျ အသီးများကိုသာ လိုက်လံ ကောက်ယူ ရောင်းချကြောင်း ကျွန်းစုမြို့နယ်နေ ကွမ်းသီး စိုက် တောင်သူ တစ်ဦးက ပြော သည်။

“အနုက မရောင်းကြဘူး ဒီဖက်မှာက ကွမ်းပင် အရမ်းနာလို့ ကွမ်းပင် အချိန်မကြခင် ကောက်တော့ အသီး ဆုတ်တယ်၊ အပင် နာတယ်”ဟု တနင်္သာရီမြို့နယ် တကူတိုက်နယ်ရှိ တောင်သူ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ကွမ်းသီးနုများကို မမှည့်ခင် ကောက်ယူ ရောင်းချခြင်းသည် တောင်သူ တချို့အတွက် အချိန်ကုန် သက်သာပြီး ငွေပေါ်မြန်ကြောင်း သိရကာ အားနည်းချက်အနေဖြင့် နောက်နှစ်များတွင် ကွမ်းသီးထွက် နောက်ကျကြောင်း ကွမ်းသီး စိုက် တောင်သူများထံမှ သိရ သည်။

#Mizzima

#တနင်္သာရီတိုင်း

#ကွမ်းသီးနု

#တရုတ်ဝယ်ယူ

#ကွမ်းသီးစိုက်တောင်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly