မေလ ၂၁ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ညောင်လေးပင်ကျေးရွာနှင့် ဂွေ့ကြီးရွာ ကြားတွင် မေလ ၂၀ ရက် ညနေ ၃ နာရီခွဲ ဝန်းကျင်က စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်များ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၃)နှင့် တပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့က ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း ပဲခူးတိုင်း PDF က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။
ယခု တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာတွင်ပင် မေလ ၁၃ ရက်နေ့က ကြားဖြတ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ရှစ်ဦး သေဆုံးခဲ့သေးသည်။
စစ်ကောင်စီတပ်သည် ညောင်းလေးပင်ကျေးရွာနှင့် ဂွေ့ကြီးကျေးရွာရှိ နေအိမ်အချို့ကို မေလ ၁၂ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာသား နှစ်ဦး ပစ်သတ်ခဲ့ကြောင်း သိရသည်။