ကန့်ဘလူမြို့နယ် မလယ်တိုက်နယ် ထန်းတောကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ဝ ခန့် သေဆုံး

ကန့်ဘလူမြို့နယ် မလယ်တိုက်နယ် ထန်းတောကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ဝ ခန့် သေဆုံး

မေလ ၂၁ ရက်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလယ်တိုက်နယ် ထန်းတောကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ မေလ ၂ဝ ရက် နံနက် ၉ နာရီ ခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ဝ ဦးခန့်သေဆုံးနိုင်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KBU-UG အဖွဲ့မှ ရဲဘော်ဗိုလ်ရသက မဇ္ဈိမကို ပြောသည်။

ဟုမ္မလင်းအခြေစိုက် ခမရ(၃၆၉)မှ စစ်ကြောင်းမှူးကျော်မျိုးသူဦးဆောင်သည့် စစ်ကောင်စီစစ်ကြောင်းနှင့် ထန်းတောကျေးရွာအနီးတွင် စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြာမြင့်ချိန်က ၄၅ မိနစ်ခန့်ရှိကြောင်း ၎င်းကပြောကြားသည်။

“ အဓိကကတော့ မိုင်းနဲ့လက်နက်ကြီးတွေကို ဦးစားပေးတိုက်ခိုက်ခဲ့တယ်။ မိုင်းကွင်းက မြေပြန့်ကြီးမှာဗျ။ ဒီမိုင်းကွင်းထဲကို စစ်ကောင်စီတပ်က တည့်တည့်မတ်မတ်ကြီး ဝင်လာတာ။ အကုန်လုံး ဖရိုဖရဲဖြစ်သွားတဲ့ အချိန်မှာ လက်နက်ကြီးနဲ့ ထပ်ပြီး ပစ်ခဲ့တယ်။ အလာတုန်းက စစ်ကောင်စီတပ်သား ၁၁၆ ဦးပါတယ်ဗျ။ တိုက်ပွဲအပြီး ပြန်ကြတော့ ၇၆ ယောက်ပဲ ကျန်တော့တာတွေ့ရတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေသုံးတဲ့ ဆိုင်ကယ်ကိုးစီးတော့ မီးရှို့ခံလိုက်ရတယ်။ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်တွေသားကို မလယ်တိုက်နယ် ဆေးရုံမှာဆေးကုနေတယ်လို့ သိရတယ်” ဟု KBU-UG မှ ဗိုလ်ရသက ဆိုသည်။

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်အတွင်း၌လည်း ကျေးရွာများကိုမီးရှို့ခြင်း၊ ပြည်သူပိုင်နေအိမ်များ ကို မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းများယူဆောင်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly