မင်္ဂလာတောင်ညွှန့် မီးရထားဝင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့များထံ ပို့ဆောင်မည့် ရိက္ခာတင် ရထားတွဲ မီးရှို့ဖျက်ဆီးခံရ

21 May 2022
မင်္ဂလာတောင်ညွှန့် မီးရထားဝင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့များထံ ပို့ဆောင်မည့် ရိက္ခာတင် ရထားတွဲ မီးရှို့ဖျက်ဆီးခံရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မလွှကုန်းမီးရထားဝင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့များထံသို့ ပို့ဆောင်မည့် ရိက္ခာတင်ရထားတွဲ သုံးတွဲကိုယနေ့ မေလ ၂၁ ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံအထက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များထံသို့ ပို့ဆောင်ပေးမည့်အဆိုပါမီးရထားဝင်းအတွင်းက တွဲပြင်အလုပ်ရုံဝင်းအတွင်းရှိ ရိက္ခာတင်ရထားတွဲကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု အထူးတာဝန်လုပ်ငန်းအဖွဲ့ (STA) ထံက သိရသည်။

"စစ်ကောင်စီထံပို့မယ့် ရိက္ခာတွဲဆိုတာ သေချာတယ်။ အဲ့ဒါကြောင့် ရွေးပြီး မီးရှို့ဖျက်ဆီးတာပါ။ ပြည်သူတွေကို တင်တဲ့ ကုန်တွဲတွေရှိတယ်။ အဲ့ထဲကမှ ဒီကောင်တွေတင်တဲ့ သုံးတွဲကို ရွေးပြီး ရှို့လိုက်တာပါ။ သတင်းခိုင်လုံလို့ အခုလို မီးရှို့ဖျက်ဆီးလိုက်တာပါ " ဟု STA အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရိက္ခာတင် ရထားတွဲ သုံးတွဲတွင် ဆီပေပါများ၊ စားသောက်ကုန်အခြောက်အခြမ်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆားများနှင့် ပဲများ ပါဝင်ပြီး ကာကွယ်ရေးတပ်ဖွဲ့က ရထားတွဲ တစ်တွဲကို ဓာတ်ဆီ ၁၀ ဂါလံစီအသုံးပြုကာ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ မီးရှို့မှုကြောင့် ရိက္ခာတင်ရထားတွဲ သုံးတွဲ၏ ပျက်စီးမှုအခြေအနေများနှင့်ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးပေ။

ကာကွယ်ရေးတပ်ဖွဲ့ မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်ချိန်တွင် မိုးများရွာသွန်းနေပြီး လုံခြုံရေးတင်းကျပ်ထားသည့် ကြားထဲမှ အသက်လု လုပ်ဆောင်ခဲ့ရပြီး အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်းလည်း STA တာဝန်ရှိသူက ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီက မြေပြင်အနေအထားကို လွန်စွာတင်းကျပ်ထားသော်လည်း မြေပေါ်မြေအောက် PDF၊ UG အဖွဲ့များ နှင့်ပူးပေါင်းကာ စစ်အာဏာရှင် စနစ် အပြီးတိုင် ကျဆုံးသည်အထိ တိုက်ထုတ်သွားမည်ဖြစ်ကြောင်းလည်း STA အဖွဲ့က ပြောကြားထားသည်။

#ရန်ကုန်တိုင်း

#မင်္ဂလာတောင်ညွှန့်မြို့နယ်

#မလွှကုန်းမီးရထားဝင်း

#စစ်ကောင်စီတပ်ဖွဲ့

#ရိက္ခာတင်ရထားတွဲ

#မီးရှို့ဖျက်ဆီးခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly