မြောက်ကိုရီးယား နျူကလီးယား စိုးရိမ်မှုများ ရှိနေစဉ် ဂျိုး ဘိုင်ဒင်က ပထမဆုံး အာရှခရီးစဉ်အဖြစ် တောင်ကိုရီးယားသို့ ရောက်ရှိ 

မြောက်ကိုရီးယား နျူကလီးယား စိုးရိမ်မှုများ ရှိနေစဉ် ဂျိုး ဘိုင်ဒင်က ပထမဆုံး အာရှခရီးစဉ်အဖြစ် တောင်ကိုရီးယားသို့ ရောက်ရှိ 
Photo - AFP

မေ ၂၁

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှုအရေး စိုးရိမ်မှုများ ကြီးထွားလျက် ရှိလင့်ကစား ဒေသတွင်း မဟာမိတ်များနှင့် စီးပွားရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲရေး ရည်ရွယ်လျက် အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်သည် ပထမဆုံး အာရှခရီးစဉ်အဖြစ် တောင်ကိုရီးယားသို့ ရောက်ရှိသည်။ 

သောကြာနေ့က ပထမဆုံး ရောက်ရှိရာမှာ ဆမ်ဆောင်း ဆီမီးကွန်ဒက်တာစက်ရုံသို့ ဖြစ်ပြီး တောင်ကိုရီးယား သမ္မတသစ် ယွန်းဆော့ယောက နွေးထွေးပျူငှာစွာ ဆီးကြိုခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ကွင်းဆက် အရေးကိစ္စကို ဦးစားပေးအဖြစ် ပြောဆိုခဲ့သည်။ 

အာရှတွင် ဦးဆောင်မှု အခန်းကဏ္ဍ ရရှိရေး အမေရိကန်၏ ဆုံးဖြတ်ချက်ကို ဖော်ပြသော ခရီးစဉ်အစ တောင်ကိုရီးယားသို့ ရောက်ရှိချိန်မှစကာ ပထမဆုံး မှတ်ချက်စကားအဖြစ် ဂျိုး ဘိုင်ဒင်သည် နှစ်နိုင်ငံ၏ မဟာမိတ်ပြုခြင်းသည် ကမ္ဘာ၌ ‘ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ချမ်းသာဝပြောရေး’တို့အတွက်ပင် ဖြစ်သည်ဟု ပြောသည်။ 

Pyeongtaek စက်ရုံ၌ သမ္မတ ယွန်းဆော့ယောနှင့်အတူ စကားပြောဆိုရာတွင် ယခု စက်ရုံကနေ ဆီမီးကွန်ဒက်တာ ထုတ်လုပ်ခြင်းက ကမ္ဘာ့စီးပွားရေးအတွက် တီထွင်မှုနှင့် မရှိမဖြစ် အရေးပါမှုပင် ဖြစ်ကြောင်း ဂျိုး ဘိုင်ဒင်က ပြောသည်။ 

ဖုန်းများမှသည် ကားများနှင့် အဆင့်မြင့်နည်းပညာလက်နက်များအထိ ခေတ်အမီဆုံး စက်ပစ္စည်းများတွင် မပါအဖြစ် ဖြစ်သည့် ဆီမီးကွန်ဒက်တာသည် ကမ္ဘာ့ဈေးကွက်ကွင်းဆက်၏ အခရာတွင် ရှိနေပြီး ထုတ်လုပ်မှု နှေးကွေးနေခြင်းက ကမ္ဘာတွင် COVID-19 ကပ်ဘေးနောက်ပိုင်း ပြန်လည်ဦးမော့မှုကို အမျှင်ပြတ်စေမည်ဟု ခြိမ်းခြောက်မှု ဖြစ်နေသည်။ 

တောင်ကိုရီးယားနှင့် အမေရိကန်တို့အနေဖြင့် “ဆီမီးကွန်ဒက်တာ ဈေးကွက်မပြတ်ရှိစေရေး ကွင်းဆက်ကို ခိုင်မာအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း” ဂျိုး ဘိုင်ဒင်က ပြောသည်။ 

“ယူကရိန်းမှာ ပူတင်ရဲ့ ရက်စက်ပြီး အကြောင်းမဲ့ စစ်ခင်းမှုဟာ ကျွန်တော်တို့ရဲ့ အရေးပါတဲ့ ဈေးကွက်ကွင်းဆက်ကို လုံခြုံမှု ရှိစေရေးအတွက် လုပ်ဆောင်ထားဖို့ လိုအပ်နေကြောင်းကို မီးမောင်းထိုးပြလျက် ရှိတယ်”ဟု ၎င်းက ပြောသည်။ 

ဂျိုး ဘိုင်ဒင်နှင့် ယွန်းဆော့ယောတို့အနေဖြင့် ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်ညစာစားပွဲ မတက်ရောက်မီ စနေနေ့၌ ဆိုးလ်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly