ကိုဗစ်-၁၉ စီမံခန့်ခွဲမှုအလွဲကြောင့် သမ္မတရှီကျင့်ဖျင် ရာထူးမှနုတ်ထွက်မည်ဟူသော ကောလာဟလများ တရုတ်လူမှုမီဒီယာများ၌ ပျံ့နေ

ကိုဗစ်-၁၉ စီမံခန့်ခွဲမှုအလွဲကြောင့် သမ္မတရှီကျင့်ဖျင် ရာထူးမှနုတ်ထွက်မည်ဟူသော ကောလာဟလများ တရုတ်လူမှုမီဒီယာများ၌ ပျံ့နေ

နိုင်ငံတွင်း စီးပွားရေးကျဆင်းမှုနှင့်အတူ တင်းကျပ်လွန်းသော ကိုဗစ်-၁၉ စည်းမျဉ်းများဆိုင်ရာ စီမံခန့်ခွဲမှု အလွဲများကြောင့် သမ္မတ ရှီကျင့်ဖျင်သည် ရာထူးမှ နုတ်ထွက်နိုင်သည်ဟူသော ထင်ကြေးပေးမှုများသည် တရုတ်လူမှုမီဒီယာတွင် ပျံ့နှံ့လျက်ရှိသည်။

တရုတ်နိုင်ငံကို အုပ်ချုပ်သော ခေါင်းဆောင်ပိုင်းအဖွဲ့ဖြစ်သည့် ပါတီပေါလစ်ဗျူရို အမြဲတမ်းကော်မတီ အစည်းအဝေးအပြီးတွင် ရှီကျင့်ဖျင် နုတ်ထွက်နိုင်သည်ဟူသော ကောလာဟလများ စတင်ပျံ့နှံ့လာခြင်းဖြစ်သည်။

ကနေဒါဘလော့ဂါတစ်ဦးတင်ထားသော ဗီဒီယိုဖိုင်သည် တရုတ်အစိုးရ၏ ဆင်ဆာဖြတ်ခြင်းမခံရမီ လူမှု မီဒီယာတွင် ပျံ့နှံ့နေခဲ့သည်။ ထိုဗီဒီယိုဖိုင်တွင် ယခုနှစ်နှောင်းပိုင်း ပါတီအစည်းအဝေးမတိုင်မီ ရှီကျင့်ဖျင်သည် တရုတ်ကွန်မြူနစ်ပါတီမှ နုတ်ထွက်ရန် ဖိအားပေးခြင်းခံရလိမ့်မည်ဖြစ်ကြောင်းနှင့် လက်ရှိဝန်ကြီးချုပ် လီကေ့ချန်က ပါတီနှင့်အစိုးရ၏ နေ့စဉ်စီမံခန့်ခွဲမှုကို ရှီကျင့်ဖျင်ကိုယ်စား တာဝန်ယူဆောင်ရွက်လိမ့်မည်ဟု ဆိုထားသည်။

တင်းကျပ်သော ကိုဗစ်စည်းမျဉ်းများသည် စက်မှုကဏ္ဍထုတ်လုပ်ရေးကို ရပ်သွားစေပြီး ပထမဆုံးအကြိမ်အဖြစ် ထောက်ပံ့ရေးကွင်ဆက်များကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ကုန်ထုတ်လုပ်မှုများသည် ပုံမှန်ကျဆင်းသွားပြီး ၂၀၂၀ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးသို့ ရောက်ရှိသွားသည်။

ထို့ပြင် ရှန်ဟိုင်းတွင် အသွားအလာပိတ်ဆို့မှုကာလ ထပ်မံတိုးချဲ့လာသောကြောင့် ရင်းနှီးမြှုပ်နှံမှုဘဏ်များမှ လေ့လာသုံးသပ်သူများက တိုင်းပြည်၏စီးပွားရေးတိုးတက်မှုနှုန်းအတွက် ၎င်းတို့ခန့်မှန်းချက်များကို လျှော့ချခဲ့ကြသည်။ ဧပြီလတွင် တရုတ်၏ ယွမ်ငွေတန်ဖိုးမှာ ၄ ရာခိုင်နှုန်းကျော် ကျဆင်းသွားပြီး ၂၈ နှစ်အတွင်း အကြီးမားဆုံးကျဆင်းသည့် လဖြစ်သည်။

အဆက်မပြတ်အသွားအလာပိတ်ဆို့မှုများက တရုတ်ရှိ ကုမ္ပဏီများ၏ ရောင်းအားကို သက်ရောက်ကာ ထောက်ပံ့ရေးကွင်းဆက်အပေါ် ထိခိုက်လာနိုင်သောကြောင့် စတော့ရှယ်ယာဈေးကွက်များကိုလည်း ဆိုးဆိုး ရွားရွား ရိုက်ခတ်လာနိုင်ဖွယ်ရှိသည်။

တရုတ်ပြည်သူများသည် ရှီကျင့်ဖျင် အုပ်ချုပ်မှုအောက်၌ ခက်ခဲသော အခြေအနေများနှင့် ဖြစ်ကတတ်ဆန်း စီမံခန့်ခွဲမှုများကြောင့် အစိုးရအပေါ် ယုံကြည်မှုမဲ့လာသဖြင့် နိုင်ငံအတွင်း မကျေနပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာစေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required