တရုတ်နိုင်ငံတွင် ဟန်ကျိုး ၂၀၂၂ အာရှမသန်စွမ်းအားကစားပြိုင်ပွဲကို ကိုဗစ်ကြောင့် ရွှေ့ဆိုင်း

တရုတ်နိုင်ငံတွင် ဟန်ကျိုး ၂၀၂၂ အာရှမသန်စွမ်းအားကစားပြိုင်ပွဲကို ကိုဗစ်ကြောင့် ရွှေ့ဆိုင်း

ဟန်ကျိုး ၂၀၂၂ အာရှမသန်စွမ်းအားကစားပြိုင်ပွဲကျင်းပရေးကော်မတီ (HAPGOC) နှင့် အာရှမသန်စွမ်း အားကစားကော်မတီ (APC) သည် မူလက အောက်တိုဘာ ၉ ရက်မှ ၁၅ ရက်အထိကျင်းပရန် လျာထားသော ၂၀၂၂ အာရှမသန်စွမ်းအားကစားပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း မေလ ၁၇ ရက်က ကြေညာလိုက်သည်။

အာရှအိုလံပစ်ကောင်စီနှင့် အားကစားပွဲဖြစ်မြောက်ရေးကော်မတီ HAGOC တို့က ဟန်ကျိုး ၂၀၂၂ အာရှ အားကစားပြိုင်ပွဲကို အားကစားပွဲအရွယ်အစားနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ဆက်လက်သက်ရောက်နေမှုကြောင့် ရွှေ့ဆိုင်းရန် ဆုံးဖြတ်ချက်ပြီးနောက် ဤကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အာရှမသန်စွမ်းအားကစားကော်မတီ (APC) ၊ တရုတ်မသန်စွမ်းအားကစားကော်မတီနှင့် HAPGOC တို့ပါဝင်သော အလုပ်အဖွဲ့သည် အားကစားပွဲများကို ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကျင်းပရန် အစီအစဉ်ဆွဲလျက်ရှိသည်။

APC ဥက္ကဋ္ဌ မာဂျစ်ရာရှက်က “အားကစားပြင်ဆင်မှုတွေကို ကောင်းစွာ လုပ်ဆောင်နေပါတယ်။ HAPGOC ကလည်း ထူးချွန်ပြောင်မြောက်တဲ့ အားကစားပွဲတွေအတွက်အဆင်သင့်ဖြစ်နေပါပြီ။ လွယ်ကူတဲ့ဆုံးဖြတ်ချက်မဟုတ်ပေမယ့် အားကစားပွဲကို တက်ဖို့ စီစဉ်နေကြတဲ့

နိုင်ငံတကာအားကစားအဖွဲ့ချုပ်၊ အသင်းသူအသင်းသားတွေနဲ့ အားကစားသမားတွေအတွက် သေချာတဲ့အဆင့်တစ်ခုဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။ မသန်စွမ်းအားကစားကျင်းပမယ့် ရက်အသစ်အတွက် ကျင်းပရေးကော်မတီနဲ့ လက်တွဲလုပ်ဆောင်သွားပါမယ်” ဟု ဆိုသည်။

မကြာမီတွင် ကြေညာချက်အသစ် ထပ်မံထွက်လာမည်ဟု မျှော်လင့်ရပြီး သင်္ကေတ၊ ဆောင်ပုဒ်နှင့် ပွဲကျင်းပနေကျနှစ်ကိုမူ ပြောင်းလဲမည် မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly