ရုရှားနှင့် တရုတ်တို့ ဆက်ဆံရေးကောင်းမွန်လာခြင်းက အနောက်နိုင်ငံအတွက် စိုးရိမ်စရာဖြစ်လာ

ရုရှားနှင့် တရုတ်တို့ ဆက်ဆံရေးကောင်းမွန်လာခြင်းက အနောက်နိုင်ငံအတွက် စိုးရိမ်စရာဖြစ်လာ

ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှားသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ပြင်းထန်စွာ ခံခဲ့ရသဖြင့် တရုတ်ကို ပိုမို ဦးညွှတ်လာရသည်။

နိုင်ငံတကာအသိုင်းအဝိုင်းက ရုရှားကို ပိုမိုပြင်းထန်သောဖိအားပေးမှုများပြုလုပ်ရန် အိန္ဒိယနှင့် အခြားနိုင်ငံများ ကို ထပ်ခါတလဲလဲ တိုက်တွန်းဆွေးနွေးနေချိန်တွင် တရုတ်နှင့် ရုရှားတို့၏ ပြန်လည်မဟာမိတ်ဖွဲ့လာမှု အလားအလာကြောင့် ကမ္ဘာတစ်ဝန်း စိုးရိမ်မှုများ မြင့်တက်လာကြောင်း ဂျပန်မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ယင်းသို့လုပ်ဆောင်မှုကြောင့် ရုရှားက တရုတ်၏ လက်အောက်ခံ လုပ်ဖော်ကိုင်ဖက်နှင့် လက်အောက်ခံ အိမ်နီးချင်း နိုင်ငံဖြစ်လာရန် တွန်းအားပေးမည်ကို အနောက်နိုင်ငံများက စိုးရိမ်နေသည်။

ထို့ပြင် ရုရှား၏ သံတမန်ရေးရာ လွှမ်းမိုးမှုကိုလည်း ပေါ့ပေါ့တန်တန် သဘောမထားနိုင်ပေ။ ကုလသမဂ္ဂ အထွေ ထွေညီလာခံတွင် ရုရှားကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆိုင်းငံ့ထားသင့်မသင့်ကို ဧပြီလတွင် မဲခွဲ ဆုံးဖြတ်ခဲ့ရာ နိုင်ငံပေါင်း ၉၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ၈၂ နိုင်ငံက ကြားနေ သို့မဟုတ် ကန့်ကွက်မဲ ပေးခဲ့ ကြသည်။

ရုရှားက တရုတ်၏ လက်အောက်ခံဖြစ်သွားခြင်းကြောင့် အမေရိကန်နှင့် တရုတ်ကြား ပြိုင်ဆိုင်မှုတွင် ကြီးမားသော အပြောင်းအလဲများကို ဖြစ်ပေါ်လာနိုင်ကြောင်း Nikkei Asia သတင်းတွင် ဖော်ပြထားသည်။

ယူရေးရှား၏ အရှေ့ဘက်ခြမ်းသည် ရုရှား၏ လွှမ်းမိုးမှုအောက်တွင်ရှိသဖြင့် တရုတ်သည် အာရှအလယ်ပိုင်းနှင့် အာဖဂန်နစ္စတန်အပေါ် ယင်း၏ စိတ်ဝင်စားမှုနယ်ပယ်ကို လျင်မြန်စွာ ချဲ့ထွင်လာမည်ဖြစ်သည်။

ရုရှား၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးသည် တရုတ်၏ ၁၀ပုံ ၁ပုံမျှသာရှိသဖြင့် ၂ နိုင်ငံအကြား ပါဝါချိန်ခွင်လျှာသည် များစွာကွာခြားနေသည်။

ရုရှားက ယင်း၏ ပို့ကုန်များ၏ ၁၅ ရာခိုင်နှုန်းခန့်ကို တရုတ်သို့ ပေးပို့နေပြီး တင်သွင်းမှု ၂၃ ရာခိုင်နှုန်းဖြင့် အိမ်နီးချင်းတရုတ်အပေါ် မှီခိုနေရကြောင်း အမေရိကန် သုတေသနအဖွဲ့ Observatory of Economic Complexity က ဖော်ပြခဲ့သည်။

တရုတ်နှင့် ရုရှားအကြား ပိုမိုနီးကပ်သော ဆက်ဆံရေးသည် ကျန်ကမ္ဘာ့နိုင်ငံများအတွက် ကြီးမားသော စိုးရိမ်မှုတစ်ခု ဖြစ်လာနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly