စားအုန်းဆီ ပြည်ပတင်ပို့မှု ပိတ်ပင်ချက် အင်ဒိုနီးရှား ပြန်လည် ရုပ်သိမ်းမည်

စားအုန်းဆီ ပြည်ပတင်ပို့မှု ပိတ်ပင်ချက် အင်ဒိုနီးရှား ပြန်လည် ရုပ်သိမ်းမည်
Photo - AFP

မေ ၂၀

အင်ဒိုနီးရှားသည် စားအုန်းဆီ ပြည်ပတင်ပို့မှုအပေါ် ပိတ်ပင်ထားမှုကို လာမည့်သီတင်းပတ်တွင် ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်း သမ္မတ ဂျိုကို ဝီဒိုဒိုက မေလ ၁၉ ရက်တွင် ပြောသည်။ ယင်းအတွက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဟင်းသီးဟင်းရွက်ဆီ ဈေးကွက်အပေါ် ကျရောက်နေခဲ့သည့် ဖိအားများကို သက်သာရာရစေပြီး ထိုမတိုင်မီက အင်ဒိုနီးရှား၏ စားအုန်းဆီ တင်ပို့မှု ရပ်ဆိုင်းခြင်းနှင့် ယူကရိန်းစစ်ပွဲတို့ကြောင့် ဈေးနှုန်းများကို ထိုးတက်ထားစေခဲ့သည်။

အင်ဒိုနီးရှားသည် ပြည်တွင်း ပြတ်လပ်မှုနှင့် ရင်ဆိုင်ရချိန် စားအုန်းဆီ ထောက်ပံ့ဖြည့်ဆည်းမှုများကို သေချာစေရန် ပြီးခဲ့သည့်လက ပိတ်ပင်ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ဟင်းချက်ဆီ ထောက်ပံ့ဖြည့်ဆည်းမှုအရရော၊ စိုက်ပျိုးသူတွေနဲ့ အခြား ထောက်ပံ့ရေး လုပ်သားတွေ အပါအဝင် စားအုန်းဆီ လုပ်ငန်းထဲမှာ လုပ်ကိုင်နေသူ ၁၇ သန်းလောက် ရှိနေတာကို ထည့်သွင်းစဉ်းစားပြီးတော့ ဟင်းချက်ဆီ ပြည်ပတင်ပို့မှုတွေကို မေလ ၂၃ ရက်မှာ ပြန်လည် စတင်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်” ဟု ဝီဒိုဒိုက အွန်လိုင်း ရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

“လိုအပ်ချက်ကို တတ်နိုင်တဲ့ ဈေးနှုန်းတွေနဲ့ အသေအချာ ဖြည့်ဆည်းစေနိုင်ဖို့ အစိုးရအနေနဲ့ အရာအားလုံးကို တင်းကျပ်စွာ ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အင်ဒိုနီးရှား အာဏာပိုင်များသည် ပြည်ပတင်ပို့မှု ပိတ်ပင်ချက်ကို တင်းတင်းကျပ်ကျပ် ချမှတ်လုပ်ဆောင်ခဲ့ပြီး ယခုလအစောပိုင်းက ညွှန်ကြားချက်ကို ချိုးဖောက်ပြီး နိုင်ငံထဲကနေ စားအုန်းဆီ သယ်ထုတ်သည့် ဆီတင်သင်္ဘောတစ်စင်းကို အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးခဲ့သည်။

ပိတ်ပင်ချက် အသက်ဝင်ပြီးနောက် နိုင်ငံ၏ လူဦးရေ သန်း ၂၇၀ ကို ထောက်ပံ့ဖြည့်ဆည်းခြင်းက ၎င်းတို့ အစိုးရ၏ “အမြင့်ဆုံး ဦးစားပေးကိစ္စ” ဖြစ်ကြောင်း ဝီဒိုဒိုက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly