ယူကရိန်းအတွက် ဒေါ်လာ ဘီလီယံ ၄၀ အကူအညီကို အမေရိကန် အတည်ပြု 

ယူကရိန်းအတွက် ဒေါ်လာ ဘီလီယံ ၄၀ အကူအညီကို အမေရိကန် အတည်ပြု 
Photo - AFP

မေ ၂၀

ရုရှ၏ ကျူးကျော်စစ်အား တိုက်ခိုက်ရာ၌ အကူအညီဖြစ်ရန် ယူကရိန်းနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ဧရာမအကူအညီကို အမေရိကန် ကွန်ဂရက်လွှတ်တော်က ကြာသပတေးနေ့တွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။ 

သမ္မတ ဂျိုး ဘိုင်ဒင်က ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ သမိုင်းဝင် နေတိုးအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားချက်ကို အားပေးထောက်ခံချက် ပေးထားချိန်လည်း ဖြစ်သည်။ 

ထူးထူးခြားခြား ပါတီနှစ်ရပ်၏ ထောက်ခံမှုနှင့်အတူ ဆီးနိတ်တွင် ယခု အကူအညီကို ထောက်ခံမဲ ၈၆ မဲ၊ ကန့်ကွက်မဲ ၁၁ မဲဖြင့် အတည်ပြုလိုက်ခြင်းပဲ ဖြစ်သည်။ ယခု အကူအညီ၏ ပမာဏသည် ကမ်မရွန်းနိုင်ငံ၏ ၂၀၂၀ ဂျီဒီပီနှင့် ညီမျှသော အကူအညီပမာဏပဲ ဖြစ်သည်။ 

“ယူကရိန်းအတွက် အကူအညီဟာ လူသားချင်းစာနာထောက်ထားရေးထက် ပိုပြီး ပေးအပ်သွားရမှာ ဖြစ်တယ်”ဟု ဆီးနိတ်လွှတ်တော် လူနည်းစုခေါင်းဆောင် မစ်ရှ် မတ်ကွန်နဲလ်က ပြောသည်။ 

“အမေရိကန် လုံခြုံရေးနဲ့ မဟာဗျူဟာ အကျိုးစီးပွားရဲ့ အနာဂတ်ကို အခု စစ်ပွဲရလဒ်က ပုံစံသွင်းလိမ့်မှာ ဖြစ်တယ်”ဟု မဲမပေးခင် ၎င်းက ပြောသည်။ 

ယခု အကူအညီ ငွေကြေးတွင် ယူကရိန်းအတွက် သံချပ်ကာယာဉ်များနှင့် လေကြောင်းကာကွယ်ရေး စနစ်များ  မြှင့်တင်ရန် ဒေါ်လာ ခြောက်ဘီလီယံ ပေးအပ်မှု အပါအဝင်ဖြစ်သည်။ 

ဒေါ်လာ ကိုး ဘီလီယံ နီးပါးမှာ အစိုးရ ရပ်တည်ရေးနှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများအတွက် လျာထားသည်။ 

အမေရိကန်ကွန်ဂရက်အနေဖြင့် ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ နီးပါးကို မတ်လလယ်ခန့်က အတည်ပြုထားပြီးလည်း ဖြစ်သည်။ ရုရှသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းအား ကျူးကျော်မှုဖြင့် ကမ္ဘာကို အံ့အားသင့်သွားစေပြီး သီတင်းပတ်များအကြာ၌ အဆိုပါ အကူအညီကို အတည်ပြုလိုက်ခြင်းဖြစ်ပြီး အများစုကို သုံးစွဲထားပြီး ဖြစ်သည်။ 

ရုရှတပ်များသည် ယူကရိန်း ကိယက်ဗ်မြို့အား သိမ်းပိုက်ရေး၌ လက်လျှော့ပြီး အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ကို တိုက်ပွဲများ ဆင်လာခြင်းကြောင့် ယူကရိန်းအား ဘဏ္ဍာရေးအကူအညီ နောက်ထပ်ပေးရန် ဂျိုး ဘိုင်ဒင်က တိုက်တွန်းဆော်ဩခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly