တရုတ်၏ရန်လိုမှုက အရှေ့တောင်အာရှနိုင်ငံများ လုံခြုံရေးမဟာမိတ်ဖွဲ့ရန် တွန်းအားပေးနေ

တရုတ်၏ရန်လိုမှုက အရှေ့တောင်အာရှနိုင်ငံများ လုံခြုံရေးမဟာမိတ်ဖွဲ့ရန် တွန်းအားပေးနေ

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရေတပ်လှုပ်ရှားမှုနှင့် စစ်ပုံသွင်းခြင်း အပါအဝင် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ ရန်လိုသော သဘောထားက အရှေ့တောင်အာရှ နိုင်ငံအများအပြားကို ဘက်စုံလုံခြုံရေး အစီအစဉ်များကို ရှာဖွေရန် တွန်းအားဖြစ်စေခဲ့သည်ဟု  ဩစတြေးလျမဟာဗျူဟာမူဝါဒအင်စတီကျု (ASPI) က ဆိုသည်။

မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှာမူဒင်ဟူစိန်သည် နိုင်ငံ့လုံခြုံရေးကို မြှင့်တင်ရေးအတွက် ၎င်းတို့၏ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (TCA) ကို သက်တမ်းတိုးရန် မတ်လတွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးများဖြစ်ကြသော ပရာဘိုဝိုနှင့် ဒယ်လ်ဖင်လောရန်ဇာနာတို့နှင့် တွေ့ဆုံခဲ့ကြောင်း ASPI အစီရင်ခံစာတွင် ဖော်ပြထားသည်။

TCA သည် မကြာသေးမီကာလများအတွင်း အင်ဒို-ပစိဖိတ်ဒေသတွင် ပေါ်ပေါက်လာမည့် ဘက်စုံလုံခြုံရေးမူဘောင်များထဲမှ တစ်ခုဖြစ်သလို အိန္ဒိယ၊ သီရိလင်္ကာ၊ မော်လ်ဒိုက်နှင့် မောရစ်ရှပ်တို့အကြား ကိုလံဘိုလုံခြုံရေး လျှို့ဝှက်ဆွေးနွေးပွဲ၊ ဩစတေးလျ၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့ ပါဝင်သော အိန္ဒိယသမုဒ္ဒရာ ၃ နိုင်ငံ ဆွေးနွေးပွဲ၊ အိန္ဒိယ-ပြင်သစ်-သြစတြေးလျ ဆွေးနွေးပွဲနှင့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ ပြုလုပ်ခဲ့သော မလက္ကာရေလက်ကြား ကင်းလှည့်မှု ကဲ့သို့သော အစပျိုးမှုများကို ASPI အစီရင်ခံစာက ကိုးကားပြခဲ့သည်။

ဤဖြစ်ပေါ်တိုးတက်မှုများသည် အာရှတိုက်ရှိ စစ်အေးခေတ်ကာလများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။ ဒေသတွင်း
ထိပ်တန်းအင်အားကြီးနိုင်ငံတစ်ခုအနေဖြင့် အိန္ဒိယသည် မကြာသေးမီအချိန်အထိ မည်သည့်အင်အားကြီးနိုင်ငံ၏ ကြားဝင်စွက်ဖက်မှုကိုမဆို လုံးလုံးလျားလျား မုန်းတီးကြောင်း အစီရင်ခံစာ၌ ရေးသားထားသည်။

သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် မော်လ်ဒိုက်တို့ကဲ့သို့သော တောင်အာရှနိုင်ငံများတွင်လည်း အလားတူ လုပ်ဆောင်ကြသည်။ သီရိလင်္ကာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာရေပြင်နှင့်ဝေဟင်ကို တစ်ချိန်လုံး ငြိမ်းချမ်းရေးရပ်ဝန်းအဖြစ် ကြေညာရာတွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ပံ့ပိုးကူညီမှုရရှိရန် အောင်မြင်သော ပဏာမခြေလှမ်းကို ဦးဆောင်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

တောင်တရုတ်ပင်လယ်တစ်လွှားတွင် ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ခုတ်မောင်းခဲ့သော တရုတ်စူးစမ်းလေ့လာရေးသင်္ဘောများ၏ လမ်းကြောင်းများကို Asia Maritime Transparency Initiative အစီရင်ခံစာ၌ မြေပုံဖြင့်အသေးစိတ်ဖော်ပြခဲ့ပြီး မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့၏ကမ်းရိုးတန်းနှင့် စီးပွားရေးဇုန်များရှိ နှစ်ဖက်အကြား ရေပိုင်နက်အတွင်း သိသာထင်ရှားသော လှုပ်ရှားမှုများကို ဖော်ထုတ်ခဲ့သည်။

တရုတ်နှင့်ပတ်သက်ပြီး ဗျူဟာမြောက်မသေချာမရေရာမှုများနှင့် စစ်ရေးဆိုင်ရာစိုးရိမ်မှုများသည် အင်ဒို-ပစိဖိတ်ဒေသတစ်ဝန်းရှိ ၃ နိုင်ငံပင်လယ်ရေကြောင်းယန္တရားများ၏ ဘုံအင်္ဂါရပ်များဖြစ်ကြောင်းနှင့် TCA သည် တောင်တရုတ်ပင်လယ်နှင့် မလက္ကာရေလက်ကြားတစ်လျှောက် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များကို သိသိသာသာ ကူညီကာကွယ်ပေးနိုင်ကြောင်း ASPI အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစောပိုင်းက ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းလိုသော ဆန္ဒသည် လုပ်ဆောင်ရန် ပျက်ကွက်ခဲ့လေ့ရှိသည်။ ယခုအခါ ပိုမိုကွဲပြားလာသော ကမ္ဘာကြီးတွင် တူညီသော ပန်းတိုင်က နိုင်ငံများအား ဘုံအကျိုးစီးပွားကို ထိန်းသိမ်းရန် ပိုမိုပူးပေါင်းဆောင်ရွက်လာစေသည်ဟု အစီရင်ခံစာက သုံးသပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly