ယူကရိန်းနှင့် စစ်ဘက်ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်မှုကို ပြန်အသက်သွင်းရန် ပါကစ္စတန် စီစဉ်

ယူကရိန်းနှင့် စစ်ဘက်ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်မှုကို ပြန်အသက်သွင်းရန် ပါကစ္စတန် စီစဉ်

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း ဦးဆောင်သည့် အစိုးရသည် ရုရှားလိုလားသည်ဟု သတ်မှတ်ခံရသော်လည်း လက်ရှိ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော ပါကစ္စတန်အစိုးရသစ်သည် ယူကရိန်းနိုင်ငံနှင့် စစ်ဘက်ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်မှုကို ပြန်လည်အသက်သွင်းရန် အသင့်ပြင်နေပုံရကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

ယူကရိန်းသည် ၁၉၉၁ ခုနှစ်၌ လွတ်လပ်ရေး ရခဲ့ချိန်မှစပြီး ၂၀၂၀ ပြည့်နှစ်အထိ ပါကစ္စတန်သို့ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံခန့် တန်ဖိုးရှိသော စစ်လက်နက်များ ပေးသွင်းရောင်းချခဲ့သည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူ့ (SIPRI) မှ ဒေတာအချက်အလက်များက ဖော်ပြသည်။

၁၉၉၀ ပြည့်နှစ်ကာလများအတွင်း ယူကရိန်းသည် ဒေါ်လာ သန်း ၆၀၀ ခန့် တန်ဖိုးရှိ သဘောတူညီချက်တစ်ရပ် အောက်တွင် ပါကစ္စတန်စစ်တပ်သို့ T-84UD တင့်ကားအစီး ၃၂၀ ကို ထောက်ပံ့ရောင်းချခဲ့သည်။

ထိုတင့်ကားများသည် ပါကစ္စတန် သံချပ်ကာ တပ်ရင်း၏ တရုတ်ထုတ် တင့်ကားများ မပါသော အစုအဖွဲ့တွင် ကြီးမားသည့် အပိုင်းတစ်ခုအဖြစ် ပါဝင်နေသည်။

စစ်ဘက်ကာကွယ်ရေး ဆက်ဆံမှုကို အဆင့်မြှင့်တင်ရန် နှစ်နိုင်ငံအကြား ညှိနှိုင်းဆွေးနွေးမှုများ ရှိနေခဲ့ပြီး ၂၀၂၁ ခုနှစ် မေလက ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက် ဘာ့ဂျ်ဝါ၏ ယူကရိန်းခရီးစဉ်အတွင်း စစ်ဘက်ဆိုင်ရာ ကုန်သွယ်မှုအရေး ဆွေးနွေးခဲ့သေးသည်။

ယူကရိန်းခရီးစဉ်အတွင်း ပါကစ္စတန် စစ်တပ်အကြီးအကဲ ဘာ့ဂျ်ဝါသည် ယူကရိန်း ဝန်ကြီးချုပ် ရှင်ယယ်လ် ဒန်းနစ်၊ ဒုဝန်ကြီးချုပ် ယူရက်စကီ အိုလက်တို့နှင့် တွေ့ဆုံခဲ့ပြီး ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး၊ အကြမ်းဖက်မှု နှိမ်နင်းရေး၊ လေ့ကျင့်ရေးနှင့် ထောက်လှမ်းရေး နယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်သွားရန် သဘောတူခဲ့ကြသည်။ သို့သော် ယူကရိန်းအပေါ် ရုရှား ကျူးကျော်မှု ပဋိပက္ခစစ်ပွဲ စဖြစ်ပြီးနောက် ထိုလုပ်ငန်းစဉ် ရပ်တန့်သွားခဲ့သည်။

ပါကစ္စတန်-ယူကရိန်း ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်မှုကို ပြန်လည်အသက်သွင်းခြင်းကလွဲပြီး ပါကစ္စတန် အစိုးရသစ်၏ လက်ရှိ လိုအပ်ချက်ကို ဖြည့်ဆည်းခြင်းက နှစ်နိုင်ငံအကြား ရှေ့အနာဂတ်ကာလ ဆက်ဆံရေး နယ်ပယ်ကို ကျယ်ပြန့်စေဖွယ် ရှိနေသည်။

သို့သော် ပါကစ္စတန်၏ ရပ်တည်ချက် သဘောထားပိုင်းတွင် မြန်ဆန်သည့် အပြောင်းအလဲများအပေါ် ရုရှား၏ တုံ့ပြန်မှုက ပါကစ္စတန်အစိုးရအတွက် ရေရှည်တွင် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည်ဟု မီဒီယာ ကျွမ်းကျင် သူများက ပြောကြောင်း Geopolitical Info က ဖော်ပြသည်။

လက်ရှိ ယူကရိန်း၌ အကျပ်အတည်း ပိုမိုနက်ရှိုင်းလာနေစဉ် M/s Chemica အမည်ရှိ ဆလိုဗက် ကုမ္ပဏီ တစ်ခုသည် ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စား ပါကစ္စတန် ကာကွယ်ရေးကန်ထရိုက်တာ တစ်ခုဖြစ်သည့် Pakistan Ordance Factories (POF) ထံမှ ခဲယမ်းမီးကျောက်များကို ဝယ်ယူနိုင်ရန် ကြိုးပမ်းထားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ထားသည်။ M/s Chemica သည် ဓာတု၊ ရေနံဓာတု ကုန်ကြမ်းများနှင့် အခြားထုတ်ကုန်များကို ထောက်ပံ့ဖြန့်ဖြူးသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

လက်ရှိ စစ်ပွဲဖြစ်နေဆဲ ဖြစ်သဖြင့် အေဂျင်စီသည် ဝယ်ယူမှုကိစ္စကို ဆောလျင်စွာ အပြီးသတ်နိုင်ရန် ရည်မှန်းနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly