အဇော့စတဲလ် သံမဏိစက်ရုံမှ လက်နက်ချသည့် ယူကရိန်းစစ်သား ၁,၇၀၀ ကျော် ရှိလာ 

အဇော့စတဲလ် သံမဏိစက်ရုံမှ လက်နက်ချသည့် ယူကရိန်းစစ်သား ၁,၇၀၀ ကျော် ရှိလာ 
Photo - AFP

မေ ၁၉

ယူကရိန်းနိုင်ငံ မာရီယူပိုဆိပ်ကမ်းမြို့က ဝိုင်းရံခံ အဇော့စတဲလ် သံမဏိစက်ရုံတွင် ယခုသီတင်းပတ်အတွင်း လက်နက်ချသည့် ယူကရိန်းစစ်သား ၁,၇၃၀ ရှိကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောသည်။ 

“ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ အဇော့စတဲလ်က လက်နက်ကိုင် ၇၇၁ ဦးဟာ လက်နက်ချလာခဲ့တယ်”ဟု စစ်ပွဲနှင့် ပတ်သက်ပြီး နေ့စဉ်ထုတ်ပြန်ချက်၌ ဝန်ကြီးဌာနက ဆိုသည်။ 

“စုစုပေါင်းဆိုရင် မေ ၁၆ ရက်ကစလို့ လက်နက်ချတဲ့ ဦးရေဟာ ၁,၇၃၀ ရှိလာပြီဖြစ်တယ်၊ ဒီအထဲမှာ ဒဏ်ရာရသူ ၈၀ လည်း အပါအဝင်ပါပဲ”ဟု ယင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

ဝန်ကြီးဌာနက ထုတ်ပြန်သော ဗီဒီယိုတွင် စက်ရုံပြင်ဘက်၌ လက်နက်ချသည့် စစ်သားများ ထွက်လာကြသည်ကို မြင်တွေ့ရပြီး အချို့မှာ ဒဏ်ရာရထားသည်ကို တွေ့ရကာ အချို့က ချိုင်းထောက်များဖြင့် ဖြစ်သည်။ ရုရှစစ်သားများက ၎င်းတို့ကို တန်းစီကာ အထွက်၌ စစ်ဆေးနေကြသည်ကိုလည်း မြင်တွေ့ရသည်။ 

ဒဏ်ရာရ စစ်သားများကို ယူကရိန်းအရှေ့ပိုင်းရှိ ရုရှထိန်းချုပ်သော နယ်မြေက ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောသည်။ 

အဇော့စတဲလ် စက်ရုံမှ လက်နက်ချသော စစ်သားများအတွက် အကျဉ်းသားချင်း လဲလှယ်နိုင်ရေးကို ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယူကရိန်းက ပြောသော်လည်း ယင်းအရေးနှင့် ပတ်သက်ပြီး ရုရှဘက်က တိကျသော အဖြေပြန်ပေးခြင်း မရှိသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly