မြောက်အမေရိကနှင့် ဥရောပ၌ ရှားပါး မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှု ဖြစ်စဉ်များ တွေ့ရှိနေ

မြောက်အမေရိကနှင့် ဥရောပ၌ ရှားပါး မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှု ဖြစ်စဉ်များ တွေ့ရှိနေ
Photo - AFP

မေ ၁၉

မြောက်အမေရိကနှင့် ဥရောပရှိ ကျန်းမာရေးအာဏာပိုင်များသည် မေလအစ နောက်ပိုင်း မျောက်ကျောက်ရောဂါ (monkeypox) ကူးစက်ခံရမှု အတည်ပြုဖြစ်စဉ်များ သို့မဟုတ် သံသယရှိ ဖြစ်စဉ် ဒါဇင်နှင့်ချီကို စစ်ဆေးတွေ့ရှိထားသည် ဖြစ်ရာ အာဖရိကဒေသအချို့တွင် ဖြစ်ပွားလေ့ရှိသော ထိုရောဂါ၏ ကူးစက်ပျံ့နှံ့နေမှုအပေါ် စိုးရိမ်ပူပန်မှုများကို ထွက်ပေါ်စေခဲ့သည်။

ကနေဒါသည် မျောက်ကျောက်ရောဂါ ကူးစက်မှု သံသယရှိဖြစ်စဉ် တစ်ဒါဇင်ကျော်ကို စစ်ဆေးလျက် ရှိသည်ဟု ထုတ်ဖော်လာသည့် နောက်ထပ် နိုင်ငံတစ်ခု ဖြစ်ခဲ့ပြီး ယင်းမတိုင်မီ စပိန်နှင့် ပေါ်တူဂီ တို့တွင် ထိုရောဂါ၏ ဖြစ်နိုင်ခြေရှိ ကူးစက်ခံရမှုနှင့် အတည်ပြု ကူးစက်ခံရမှု ဖြစ်စဉ် ၄၀ ကျော်ကို စစ်ဆေးတွေ့ရှိထားသည်။

ဗြိတိန်တွင် မေလ ၆ ရက်နောက်ပိုင်း ထို မျောက်ကျောက်ရောဂါ ကူးစက်ခံရမှုဖြစ်စဉ် ကိုးခုကို အတည်ပြုထားသည်။ အမေရိကန်တွင်လည်း မေ ၁၈ ရက်က ထို ရောဂါ ပထမဆုံး ကူးစက်ခံရမှုကို အတည်ပြုခဲ့ပြီး အရှေ့ပိုင်းပြည်နယ် မက်ဆာချူးဆက်မှ အမျိုးသားတစ်ဦးသည် ကနေဒါသို့ သွားရောက်ခဲ့ပြီးနောက် ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုတွင် အများစုသည် သီတင်းပတ်အချို့အတွင်း ပြန်လည် သက်သာသွားလေ့ ရှိပြီး ရှားပါးဖြစ်စဉ်များတွင်သာ လူသေဆုံးသည်အထိ ဖြစ်နိုင်သည်။ ယင်းရောဂါသည် ပြီးခဲ့သည့် နှစ်များအတွင်း အာဖရိက အလယ်နှင့် အနောက်ပိုင်း ဒေသများတွင် လူထောင်နှင့်ချီကို ကူးစက်ထားခဲ့ပြီး ဉရောပနှင့် မြောက်အာဖရိကတွင် ယင်းရောဂါ ကူးစက်မှုက ရှားရှားပါးပါး ဖြစ်သည်။

ယခု အသစ်တွေ့ရှိသော ကူးစက်ဖြစ်ပွားမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ယူကေနှင့် ဥရောပ ကျန်းမာရေးအရာရှိများနှင့် ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၁၇ ရက်တွင် ပြောသည်။

မျောက်ကျောက်ရောဂါကို မူလက လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါအဖြစ် သတ်မှတ်ထားခြင်း မရှိသော်လည်း ယင်းသည် လိင်ဆက်ဆံစဉ်အတွင်း တိုက်ရိုက် ထိတွေ့ခြင်းအားဖြင့် ကူးစက်နိုင်သည်ဟု ယူကေ ကျန်းမာရေး လုံခြုံရေးအေဂျင်စီက ပြောသည်။

အဆိုပါ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသူတစ်ဦး၏ ခန္ဓာကိုယ်မှ ထွက်သည့် အရည်များ၊ ဒဏ်ရာအနာများဖြင့် ထိတွေ့ညစ်ညမ်းထားသည့် အဝတ်အစား၊ မွေ့ရာ၊ အိပ်ရာခင်း ကဲ့သို့ အရာများကို အတူဝေမျှသုံးခြင်း သို့မဟုတ် မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသူ၏ ခန္ဓာကိုယ်တွင်းထွက် အရည်များ၊ ဒဏ်ရာများနှင့် တိုက်ရိုက်ထိတွေ့မိခြင်းကနေတစ်ဆင့် မည်သူမဆို အဆိုပါ ရောဂါ ကူးစက်ခံရနိုင်သည်ဟု အမေရိကန် ရောဂါ ထိန်းချုပ် ကာကွယ်ရေးဌာန (CDC) က ထုတ်ပြန်သည်။ အိမ်တွင်းသုံး ပိုးသတ်ဆေးများက မျက်နှာပြင်များပေါ်ရှိ ဗိုင်းရပ်စ်ကို သတ်နိုင်သည်။

ထို ရောဂါသည် ဖျားခြင်း၊ ကြွက်သား နာကျင်ကိုက်ခဲခြင်းနှင့် ပြွတ်ရည်ကျိတ်ရောင်ခြင်းကဲ့သို့ တုပ်ကွေးလို လက္ခဏာများ စတင် ပြတတ်ပြီး ယင်းနောက် မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ရေကျောက်ကဲ့သို့ အဖုအပိမ့် အနီကွက်ထခြင်းကို ဖြစ်စေကြောင်း အမေရိကန်အေဂျင်စီက ရှင်းပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly