အီရတ်ကျူးကျော်မှုက ‘တရားနည်းလမ်း မကျ’ ဟု အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ် မှားယွင်းပြီး ပြောဆိုမိ

အီရတ်ကျူးကျော်မှုက ‘တရားနည်းလမ်း မကျ’ ဟု အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ် မှားယွင်းပြီး ပြောဆိုမိ

မေ ၁၉

အီရတ်ကို ကျူးကျော်မှုက “လူမဆန်” ၊ ‘တရားနည်းလမ်း မကျ” ဟု အမေရိကန်သမ္မတဟောင်း ဂျော့ ဒဗလျူ ဘုရှ်က အမှတ်တမဲ့ဖြင့် မှားယွင်းစွာ ပြောဆိုခဲ့မိပြီး ယင်းနောက် ၎င်းသည် ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်မှုကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း ပြန်ပြင်ပြောဆိုခဲ့သည်။

ဘုရှ်သည် မေလ ၁၈ ရက်က ဒါးလက်စ်မြို့ အခမ်းအနားတစ်ခု၌ မိန့်ခွန်းတစ်ခု ပြောဆိုစဉ် ရုရှ၏ နိုင်ငံရေးစနစ်အပေါ် ဝေဖန်ရင်း ယင်းမှတ်ချက်စကားများကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။၊

“ရလဒ်ကတော့ ရုရှမှာ အပြန်အလှန် ထိန်းကျောင်းမှုတွေ မရှိတာ၊ နောက်ပြီး အီရတ်အပေါ် လုံးလုံးလျားလျား တရားနည်းလမ်းမကျ၊ လူမဆန်တဲ့ ကျူးကျော်မှုတစ်ရပ်ကို စခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်” ဟု ဘုရှ်က ပြောခဲ့သည်။ ယင်းနောက် ချက်ချင်းပင် “ကျွန်တော် ဆိုလိုတာက ယူကရိန်း ဖြစ်ပါတယ်” ဟု ဘုရှ်က ခေါင်းညိတ်ရင်း ပြန်ပြင်ပြောဆိုခဲ့သည်။

ယင်းကဲ့သို့ မှားပြောမိခြင်းက ၎င်း၏ အသက်အရွယ်ကြောင့် ဖြစ်သည်ဟု ဘုရှ်က အရွှန်းဖောက် ပြောခဲ့ချိန် ပရိသတ်ထံမှ ရယ်သံများ ထွက်ပေါ်ခဲ့သည်။

၂၀၀၃ ခုနှစ် ဘုရှ် အမေရိကန်သမ္မတ တာဝန်ယူထားချိန်က အီရတ်တွင် အဖျက်စွမ်းအားမြင့် လက်နက်များ ရှိသည် ဆိုပြီး အီရတ်အပေါ် ကျူးကျော်မှုတစ်ရပ်ကို အမေရိကန်က ဦးဆောင်လုပ်ဆောင်ခဲ့သည်။ ယင်းနောက် ထို အဖျက်စွမ်းအားမြင့် လက်နက်များကိုမူ မတွေ့ရှိခဲ့ပေ။ ထို ရှည်ကြာသော ပဋိပက္ခကြောင့် လူ သိန်းချီ သေဆုံးပြီး အများအပြား နေရပ်စွန့်ခွာခဲ့ကြရသည်။

ဘုရှ်၏ မှတ်ချက်စကားများက ဆိုရှယ်မီဒီယာတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး Dallas News သတင်းထောက်တစ်ဦးက ဘုရှ်၏ ဗီဒီယိုကလစ်ကို တွစ်တာတွင် တင်ခဲ့ချိန်တွင် ကြည့်ရှုမှုပေါင်း သုံးသန်းကျော်အထိ ရှိခဲ့သည်။

အမေရိကန်သမ္မတဟောင်းသည် လက်ရှိ ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမာ ဇယ်လန်စကီးကို ဗြိတိန်၏ စစ်ကာလ ခေါင်းဆောင် ဝင်စတန် ချာချီလ်နှင့် ခိုင်းနှိုင်းခဲ့သလို ဖေဖေါ်ဝါရီလက ယူကရိန်းအပေါ် ကျူးကျော်မှုအတွက် ရုရှသမ္မတ ဗလာဒီမာ ပူတင်ကိုလည်း ပြစ်တင်ဝေဖန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly