ယူကရိန်းစစ်က အထီးကျန် ရုရှကို ပို၍ ဆိုးဝါးစေလိမ့်မည်ဟု ရုရှစစ်ရေးသုတေသီ ပြော 

ယူကရိန်းစစ်က အထီးကျန် ရုရှကို ပို၍ ဆိုးဝါးစေလိမ့်မည်ဟု ရုရှစစ်ရေးသုတေသီ ပြော 

မေ ၁၉

အမေရိကန်၏ စစ်ရေးထောက်ပံ့မှု ကြီးကြီးမားမား ရှိနေသည့် ယူကရိန်းက စစ်ပွဲသည် လုံးလုံး အထီးကျန်နေသလောက် ဖြစ်နေသော ရုရှအတွက် ပိုမို၍ ဆိုးဝါးလာစေလိမ့်မည်ဟု စစ်ရေးသုတေသီတစ်ဦးက ရုရှနိုင်ငံပိုင် ရုပ်သံကို ကြည့်ရှုသူများအား ပွင့်လင်းတဲ့တိုးကျစွာ ပြောဆိုလာခဲ့သည်။ 

ယူကရိန်းအား ကျူးကျော်စစ်ဆင်ရန် ဖေဖော်ဝါရီ ၂၄ ရက်၌ သမ္မတ ဗလာဒီမာ ပူတင်က အမိန့်ပေးပြီးကတည်းက ရုရှနိုင်ငံပိုင် မီဒီယာ အထူးသဖြင့် နိုင်ငံပိုင် ရုပ်သံသည် ရုရှ၏ အနေအထားကို ထောက်ခံဖော်ပြခြင်းသာဖြစ်ပြီး သဘောထားကွဲလွဲသည့် ထုတ်လွှင့်ဖော်ပြမှုက အနည်းအကျဉ်းသာ ရှိသည်။ 

“အထူး စစ်ရေး စစ်ဆင်မှု” အဖြစ် ပူတင်က ဆိုသော ယူကရိန်းစစ်နှင့် ပတ်သက်ပြီး လူသိများသည့် စစ်ရေးသုတေသီတစ်ဦးက ရုရှ၏ အဓိကနိုင်ငံပိုင်ရုပ်သံတွင် တဲ့တိုးကျစွာ ပြောဆိုလာခြင်းအား တနင်္လာနေ့က ထုတ်လွှင့်လာခြင်းဖြင့် အပြောင်းအလဲ ရှိလာပုံ ရနေသည်။ 

“ခင်ဗျားတို့အနေနဲ့ ကိုယ်စိတ်သက်သာရမယ့် သတင်းတွေကိုပဲ ဖတ်ရှုမနေသင့်ဘူး”ဟု အငြိမ်းစားဗိုလ်မှူးကြီး Mikhail Khodaryonok က ရုရှကို ထောက်ခံသော ဂျာနယ်လစ်များမှ တစ်ဦးဖြစ်သည့် Olga Skebeyeva တင်ဆက်သော 60 Minutes အစီအစဉ်တွင် ပြောဆိုခြင်း ဖြစ်သည်။ 

“အခြေအနေက ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့အတွက် ပိုပြီး ဆိုးလာလိမ့်ဦးမယ်”ဟု ပွင့်ပွင့်လင်းလင်း အကဲဖြတ်ကောက်ချက်ပေးလေ့ရှိသည့် Khodaryonok က ပြေသည်။ 

ယူကရိန်းသည် လက်နက်ကိုင်အင်အား တစ် သန်းကို စုဖွဲ့နိုင်ကြောင်း ၎င်းက ပြောသည်။ 

ရုရှ စစ်တက္ကသိုလ်မှ ဘွဲ့ရတစ်ဦးဖြစ်ကာ gazeta.ru သတင်းစာ၏ စစ်သတင်း ရေးသားသူ Khodaryonok က ကျူးကျော်စစ် မတိုင်ခင်ကလည်း ယင်းသို့ လုပ်ဆောင်ခြင်းက ရုရှ၏ အမျိုးသား အကျိုးစီးပွား ဖြစ်လာလိမ့်မည်မဟုတ်ဟု သတိပေးပြောဆိုဖူးသည်။ 

ယူကရိန်းကို ရုရှ၏ ကျူးကျော်စစ်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးပြီး သန်းနှင့်ချီ၍ နေရပ်ရွှေ့ပြောင်းကြရကာ ရုရှနှင့် အမေရိကန်ကြားတွင်လည်း ၁၉၆၂ ကျူးဘား ဒုံးကျည်အရေး ဖြစ်ပြီးကတည်းက အပြင်းထန်ဆုံး ထိပ်တိုက်တွေ့မှု ဖြစ်လာမည်ဟု စိုးရိမ်ပူပန်မှုများလည်း ပေါ်ပေါက်စေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly