အဇော့စတဲလ်စက်ရုံမှ ယူကရိန်းစစ်သား ၉၅၀ ကျော် လက်နက်ချ 

အဇော့စတဲလ်စက်ရုံမှ ယူကရိန်းစစ်သား ၉၅၀ ကျော် လက်နက်ချ 

မေလ ၁၈ ရက်

ယူကရိန်းနိုင်ငံ မာရီယူပိုဆိပ်ကမ်းမြို့ရှိ ပိတ်ဆို့ခံ အဇော့စတဲလ် သံမဏိစက်ရုံမှ ယူကရိန်းစစ်သား ၉၅၉ ဦး ယခုသီတင်းပတ်အတွင်း လက်နက်ချကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

“ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ဒဏ်ရာရသူ ၂၉ ဦးအပါအဝင် ယူကရိန်းတိုက်ခိုက်ရေးသမား ၆၉၄ ဦး လက်နက်ချခဲ့တယ်”ဟု စစ်ပွဲနှင့် ပတ်သက်ပြီး နေ့စဉ် သတင်းထုတ်ပြန်ချက်၌ ဝန်ကြီးဌာနက ဖော်ပြသည်။ “မေ ၁၆ ရက်ကစပြီး စုစုပေါင်းအားဖြင့် ယူကရိန်းတိုက်ခိုက်ရေးသမား ၉၅၉ ဦး လက်နက်ချခဲ့တာ ဖြစ်ပါတယ်”ဟု ယင်းက ဆိုသည်။ 

ဆေးကုသရန် လိုအပ်သူများကို ရုရှထိန်းချုပ်ရာ နယ်မြေအတွင်းရှိ နိုဗီယာဇော့စ်ခ်မြို့ရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ထားသည်ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။ 

လက်နက်ချထားသော တိုက်ခိုက်ရေးသမားများကို စစ်သားချင်းလဲလှယ်နိုင်ရေးအတွက် ယူကရိန်းက မျှော်လင့်ထားသော်လည်း အကျဉ်းသားချင်း လဲလှယ်မှုကို လက်သင့်ခံမခံကို ရုရှက အတည်ပြုသေးခြင်း မရှိပေ။ 

ပြီးခဲ့သည့်လက ရုရှသည် သီတင်းပတ်များကြာရှည် ပိတ်ဆို့ပြီးနောက် မာရီယူပိုမြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သို့ရာတွင် ရုရှတပ်ဖွဲ့ဝင်များ ပိတ်ဆို့ထားရာ အဇော့စတဲလ် စက်မှုဇုန်ရှိ မြေအောက်ဥမင်များတွင် ယူကရိန်းစစ်သား ရာပေါင်းများစွာ ခြေကုပ်ယူ တပ်စွဲထားဆဲ ဖြစ်သည်။ 

အရေအတွက် မဖော်ပြသော အဆိုပါ စစ်သားများ လွတ်မြောက်ရေးအတွက် “လိုအပ်သမျှ အရာရာ”ကို လုပ်ဆောင်သွားမည်ဟု ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသော်လည်း စစ်ရေးရွေးချယ်ခွင့်တော့ မရှိတော့ကြောင်း ဝန်ခံခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required