အဇော့စတဲလ် စက်ရုံ၌ နောက်ဆုံးကျန်နေသည့် စစ်သားများကို ဘေးကင်းရာ ပြောင်းရွှေ့ပေးနိုင်ရန် ယူကရိန်း ကြိုးပမ်းနေ

အဇော့စတဲလ် စက်ရုံ၌ နောက်ဆုံးကျန်နေသည့် စစ်သားများကို ဘေးကင်းရာ ပြောင်းရွှေ့ပေးနိုင်ရန် ယူကရိန်း ကြိုးပမ်းနေ
Photo - AFP

မေ ၁၈

ယူကရိန်းနိုင်ငံ မာရီယူပိုလ်မြို့ရှိ အဇော့စတဲလ် သံမဏိစက်ရုံ၌ နောက်ဆုံးကျန်ရှိနေသော စစ်သားများကို ဘေးကင်းရာ ရွှေ့ပြောင်းနိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း ယူကရိန်းသမ္မတက ပြောသည်။

တစ်ချိန်တည်းမှာပင် ရုရှ ကျူးကျော်မှု စတင်ပြီးနောက်ပိုင်း ရုရှစစ်သားတစ်ဦးကို စစ်ရာဇဝတ်မှုဖြင့် ပထမဆုံး ရုံးတင်စစ်ဆေးမှုကို ကိယက်ဗ်၌ စတင်လုပ်ဆောင်နေပြီဖြစ်သည်။

နိုင်ငံတကာ စင်မြင့်ထက်တွင် ဖင်လန်နှင့် ဆွီဒင်တို့သည် နေတိုး စစ်ဘက်မဟာမိတ်အဖွဲ့ထဲ ဝင်ရောက်ရန် ပူးတွဲ လျှောက်လွှာတစ်ရပ်ကို တရားဝင် တင်သွင်းသွားဖွယ် ရှိနေပြီး ယင်းက ၎င်းတို့၏ အစဉ်အလာ ဘက်မလိုက်ရေး ဝါဒ မူဝါဒကို သမိုင်းဝင် အဆုံးသတ်ခြင်းလည်း ဖြစ်သည်။

ယူကရိန်းစစ်ပွဲက သုံးလပြည့်ရန် နီးကပ်လာချိန် အဇော့စတဲလ် စက်ရုံသည် ယူကရိန်းတို့၏ အပြင်းအထန် ခုခံတိုက်ခိုက်မှု၏ သင်္ကေတ ဖြစ်လာခဲ့သည်။ ယူကရိန်း၏ အပြင်းအထန် ခုခံမှုကြောင့် ရုရှတို့၏ ကျူးကျော်မှုက မူလမှန်းထားသလို ဖြစ်မလာခဲ့ဘဲ သမ္မတ ဗလာဒီမာ ပူတင်သည် မြို့တော် ကိယက်ဗ်ကို သိမ်းယူမည့် ၎င်း၏ စစ်ရေး ရည်မှန်းချက်များကို ပြန်လည် ချိန်ညှိပြောင်းလဲခဲ့ရပြီး နိုင်ငံအရှေ့ပိုင်းသို့ ပြောင်းလဲ အာရုံစိုက်ခဲ့ရသည်။

ယူကရိန်းစစ်သား တပ်ဖွဲ့တစ်ခုသည် မာရီယူပိုလ်မြို့ သံမဏိစက်ရုံ၏ မြေအောက် ဝင်္ကပါ ဥမင်လိုဏ်များထဲတွင် ခြေကုပ်ယူ ခုခံနေခဲ့ရာတွင် နယ်မြေကို ပတ်ဝိုင်းမည့် ရုရှ၏ ကြိုးပမ်းမှုများကို အရှိန်သေစေအောင် အချိန်ဆွဲထားနိုင်ခဲ့သည်။ သို့သော် ယခုအခါ အဆိုပါ အဇော့စတဲလ် စက်ရုံမှ ယူကရိန်းစစ်သား ၂၆၀ ကျော်သည် လက်နက်ချခဲ့ပြီ ဖြစ်ကြောင်း ရုရှက ပြောသည်။

 

စက်ရုံ၌ ကျန်ရှိနေဆဲ ဖြစ်သည့် အရေအတွက် အတိအကျ မဖော်ပြသော စစ်သားများကို ကယ်ထုတ်ရန် လုပ်ဆောင်သွားမည်ဟု ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ သို့သော် စစ်ရေး နည်းလမ်းကိုမူ အသုံးပြု၍ မရဟု ဝန်ခံခဲ့သည်။

“ဘေးကင်းရာ ရွှေ့ပြောင်းရေး မစ်ရှင်ကို ဆက်လုပ်နေပါတယ်။ အဲဒါကို မိမိတို့ရဲ့ စစ်တပ်နဲ့ ထောက်လှမ်းရေးက ကြီးကြပ်နေပါတယ်” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ညပိုင်းမိန့်ခွန်းတစ်ခုတွင် ပြောသည်။ “နိုင်ငံတကာက ဩဇာရှိ စေ့စပ်ဖျန်ဖြေသူတွေလည်း ပါဝင်လုပ်ဆောင်ပေးနေပါတယ်”

မစ်ရှင် ဆောင်ရွက်နေစဉ် မှတ်ချက် တစ်စုံတစ်ရာ ပေးမည် မဟုတ်ဟု ၎င်း၏ အကြံပေးတစ်ဦးဖြစ်သည့် အိုလက်စီ အရက်စ်တိုဗစ်ချ်က ပြည်တွင်းရုပ်သံတစ်ခုနှင့် အင်တာဗျူးဖြေရာတွင် ပြောသည်။

“အဲဒီမှာ အရာအားလုံးက အက်ကွဲလွယ်နေပါတယ်။ သတိမထားမိဘဲ ပြောမိတဲ့ စကားတစ်လုံးကြောင့် အရာအားလုံးကို ပျက်စီးစေနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

အဇော့စတဲလ် စက်ရုံထဲမှ ထွက်လာပြီး လက်နက်ချသူများကို ရုရှဘက်က ထိန်းသိမ်းထားကြောင်းနှင့် ၎င်းတို့ထဲတွင် အပြင်းအထန် ဒဏ်ရာရထားသူ ၅၁ ဦးလည်း ပါကြောင်း ရုရှ ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ဒဏ်ရာရသူများကို ရုရှ လိုလားသော သူပုန်များ ထိန်းချုပ်ရာ အရှေ့ပိုင်း ဒွန်နက်စ် ဒေသရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း ရုရှ ဝန်ကြီးဌာနက ပြောသည်။

အဆိုပါ ယူကရိန်း သူရဲကောင်းများကို အမြန်ဆုံး ပြန်လည်ခေါ်ဆောင်နိုင်ရန် အကျဉ်းသားလဲလှယ်ရေး လုပ်ငန်းစဉ်တစ်ခုလုပ်နိုင်ရေး မျှော်လင့်ထားကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

သို့သော် ၎င်းတို့၏ ကံကြမ္မာ မည်သို့မည်ပုံ ရှိမလဲဆိုသည်မှာ မရှင်းလင်းဘဲ ဖြစ်နေပြီး အဆိုပါ လက်နက်ချသူများကို ရာဇဝတ်သားများအဖြစ် ဆက်ဆံမလား သို့မဟုတ် စစ်အကျဉ်းသားများအဖြစ် ဆက်ဆံမလားဆိုသည်ကို ရုရှအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောကြားရန် ငြင်းဆန်သည်။

“၎င်းတို့ကို သက်ဆိုင်ရာ နိုင်ငံတကာ ဥပဒေများနှင့်အညီ ဆက်ဆံမည်” ဟု ပူတင်က အာမခံထားကြောင်း ပက်စ်ကော့ဗ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly