ပါကစ္စတန်နိုင်ငံသား ၂ ဦး အပါအဝင် လူ ၇ ဦးကို မူးယစ်မှောင်ခိုမှုဖြင့် သီရိလင်္ကာရေတပ် ဖမ်းဆီး

ပါကစ္စတန်နိုင်ငံသား ၂ ဦး အပါအဝင် လူ ၇ ဦးကို မူးယစ်မှောင်ခိုမှုဖြင့် သီရိလင်္ကာရေတပ် ဖမ်းဆီး

သီရိလင်္ကာ အာဏာပိုင်များသည် ပါကစ္စတန်နိုင်ငံသား နှစ်ဦး အပါအဝင် နိုင်ငံခြားသား ၇ဦးကို မူးယစ်ဆေးမှောင်ခိုကူးမှုဖြင့် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ ဘိန်းဖြူ ၂၄၃ ကီလိုဂရမ်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

သီရိလင်္ကာ ရေတပ်သည် မေလ ၅ ရက်က နိုင်ငံတောင်ပိုင်း နိုင်ငံတကာရေပြင်တွင် စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့ရာတွင် သံသယရှိသူများကို တရားမဝင် မူးယစ်ဆေးများနှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ကို မေလ ၉ ရက်တွင် ရေတပ်သင်္ဘော SLNS Sayurala ဖြင့် ကိုလံဘိုဆိပ်ကမ်းသို့ ခေါ်ဆောင်လာခဲ့သည်။

ကိုလံဘိုဆိပ်ကမ်းသို့ ယူဆောင်လာသည့် မူးယစ်ဆေးများထဲတွင် ဘိန်းဖြူ ၂၄၃ ကီလိုဂရမ် ပါဝင်ကြောင်းနှင့် ဘိန်းဖြူများကို အထုပ်ကလေး ၂၂၀ ထုပ်ဖြင့် ထုပ်ပိုးပြီး အိပ် ၈ အိတ်ထဲတွင် သိပ်ထည့်ထားခြင်း ဖြစ်ကြောင်း သီရိလင်္ကာ ရေတပ်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

သိမ်းဆည်းရမိသော တရားမဝင် မူးယစ်ဆေးဝါးများ၏ စုစုပေါင်း မှောင်ခိုပေါက်ဈေးက ရူပီး ၄၈၆၁ သန်းကျော် ရှိမည်ဟု ယုံကြည်ရသည်။

ထို စစ်ဆင်ရေးအတွင်း မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် သံသယရှိသူများကို သီရိလင်္ကာ ရဲတပ်ဖွဲ့၏ မူးယစ်ဗျူရို (PNB) သို့ လွှဲပြောင်းပေးထားပြီး ၎င်းတို့ကို တရားဥပဒေအရ ဆက်လက်အရေးယူသွားမည် ဖြစ်သည်။

ထို့ပြင် ယခုဖြစ်စဉ်နှင့် စပ်လျဉ်း၍ သီရိလင်္ကာရေတပ်နှင့် PNB တို့က ထပ်မံ စုံစမ်းစစ်ဆေးမှုများ ဆက်လုပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required