ဟောင်ကောင်တွင် နိုင်ငံသားများ စုဝေး၊ ဆုတောင်း၊ ဆွေးနွေးမှုများ ပြုလုပ်နိုင်သည့် နေရာများ ရှားပါးလာ

ဟောင်ကောင်တွင် နိုင်ငံသားများ စုဝေး၊ ဆုတောင်း၊ ဆွေးနွေးမှုများ ပြုလုပ်နိုင်သည့် နေရာများ ရှားပါးလာ

ဟောင်ကောင်အစိုးရဌာနချုပ်ရှိ နတ်ကွန်းတစ်ခုအနီးတွင် လူတစ်စုသည် မေလ ၁၅ ရက်က စုဝေးခဲ့ကာ မြို့တော်အတွင်း ဖမ်းဆီးခံထားရသည့် တက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒပြသူများအတွက် ဆုတောင်း ပေးခဲ့ကြသည်။

သို့သော် ယခုအခါ လုံခြုံရေးဥပဒေသစ်ကို တရုတ်နိုင်ငံက ပြဌာန်းပြီးနောက် ဟောင်ကောင်တွင် နိုင်ငံသားများ စုဝေး၊ ဆုတောင်း ဆွေးနွေးနိုင်သည့် နေရာများ ရှားပါးလာနေပြီဖြစ်သည်။

လူမှုဆန္ဒပြပွဲပုံစံမျိုးစုံအပေါ် ဟောင်ကောင်၏ ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းမှုတွင် ခရစ်ယာန် ဘုရားကျောင်းများ လည်း ခံစားခဲ့ရပြီး ယခုအခါ ဘာသာရေးဆိုင်ရာ နေရာများသည် ကျန်တရုတ်ပြည်မကြီး ကဲ့သို့ပင် တရုတ်၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်ခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ဟောင်ကောင်ရဲတပ်ဖွဲ့သည် မေလ ၁၁ ရက် အစောပိုင်းက အကျဉ်းကျနေသည့် တက်ကြွလှုပ်ရှားသူများကို ကူညီပံ့ပိုးပေးသည့် လူသားချင်းစာနာမှု ကယ်ဆယ်ရေးရန်ပုံငွေနှင့် ပတ်သက်မှုအတွက် အသက် ၉၀ အရွယ် ကာဒီနယ် ဂျိုးဆက်ဖ်ဇင်ကို ဖမ်းဆီးခဲ့သည်။

ဟောင်ကောင်အစိုးရက ထိုသို့ဖမ်းဆီးမှုသည် ဘာသာရေးနှင့် လုံးဝမသက်ဆိုင်ကြောင်းနှင့် ဥပဒေချိုးဖောက်သည့် ကိစ္စသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ်၌ ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများ စတင်ခဲ့ပြီးနောက် တရုတ်အစိုးရသည် ၂၀၂၀ ခုနှစ်တွင် အမျိုးသားလုံခြုံရေးဥပဒေကို ထုတ်ပြန်ခဲ့ကာ ကျွန်းပိုင်နက်တွင် သဘောထားကွဲလွဲမှုများကို ချေမှုန်းခဲ့သည်။ လူမှုရေးပြဿနာများ ဆွေးနွေးရာနေရာဖြစ်ခဲ့ဖူးသော ဟောင်ကောင်ဘုရားကျောင်းများသည် ယခုအခါ ဖိအားများနှင့်ရင်ဆိုင်နေရသည်။

ဟောင်ကောင်ဘုရားကျောင်းအသစ်ပြန်လည်ထူထောင်ရေးလှုပ်ရှားမှု၏ လေ့လာမှုအရ ဘုရားကျောင်း ၃ ပုံ ၁ ပုံကျော်သည် ယခုအခါ မြို့တွင်း နိုင်ငံရေးအခြေအနေအရ ၎င်းတို့၏ တရားဟောပြောခြင်းအကြောင်းအရာများကို ချိန်ညှိနေရသည်။

ဒီမိုကရေစီလိုလားသူတစ်ဦးဖြစ်သည့် ဂျော့ရှောင်ဝါသည် ၂၀၁၄ ခုနှစ်တွင် ဒီမိုကရေစီထောက်ခံသည့် Umbrella Movement ကို ဦးဆောင်ခဲ့ပြီး ၎င်း၏ ယုံကြည်မှုက တရားမျှတမှုအတွက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ကို ခိုင်မာစေသည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly