ဥရောပ၏ ရေနံဒဏ်ခတ်ပိတ်ဆို့မှုက ‘စီးပွားရေး သေကြောင်းကြံစည်မှု’ဟု ပူတင် ပြော 

ဥရောပ၏ ရေနံဒဏ်ခတ်ပိတ်ဆို့မှုက ‘စီးပွားရေး သေကြောင်းကြံစည်မှု’ဟု ပူတင် ပြော 
Photo - AFP

မေ ၁၈

ရေနံကဏ္ဍသည် ‘အပြောင်းအလဲ’ အောက်တွင် ရှိနေပြီး ယူကရိန်းအရေးနှင့် ပတ်သက်ကာ ရုရှကို ဒဏ်ခတ်ပိတ်ဆို့မည့် ဥရောပသည် ‘စီးပွားရေး သေကြောင်းကြံစည်မှု’ ကို ကျူးလွန်ရာ မြောက်လိမ့်မည်ဟု ရုရှသမ္မတ ဗလာဒီမာ ပူတင်က အင်္ဂါနေ့တွင် ပြောသည်။ 

ရုရှရေနံ တင်သွင်းမှုကို တစ်ဆင့်ချင်း ဒဏ်ခတ်ပိတ်ဆို့ရန် ကြိုးစားနေသည့် ဥရောပသည် ကိုယ့်ကိုကို ထိခိုက်နာကျင်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်လိမ့်မည်ဟု ပူတင်က ဆိုသည်။ ထိုပြင် အနောက်အုပ်စု၏ သေချာကျနစွာ မစဉ်းစားဘဲ လုပ်ဆောင်မှုများကို နိုင်ငံ၏ အရေးသာမှုအဖြစ် ဖန်တီးအသုံးချသွားရန်လည်း တာဝန်ရှိသူများကို ၎င်းက တိုက်တွန်းသည်။ 

ဥရောပအနေဖြင့် ၎င်း၏ လုပ်ရပ်များကြောင့် စွမ်းအင်ဈေး မြင့်တက်မှုနှင့် မြင့်မားသော ငွေကြေးဖောင်းပါမှုတို့ကို ကြုံရလိမ့်မည်ဖြစ်ကြောင်း စွမ်းအင်အစည်းအဝေးတစ်ရပ်၌ ပူတင်က ဆိုသည်။ 

“တကယ်ပါပဲ၊ ဒီလို စီးပွားရေး သေကြောင်းကြံစည်မှုဟာ ဥရောပနိုင်ငံတွေအတွက် ပြည်တွင်းရေးပဲ ဖြစ်တော့တယ်”ဟု ပူတင်က ပြောသည်။ 

ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းဆီ ရုရှက တပ်ဖွဲ့ဝင်များ စေလွှတ်ပြီးနောက်ပိုင်း အနောက်အုပ်စုသည် ရုရှအပေါ် မကြုံဖူးသော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လျက် ရှိနေခြင်း ဖြစ်သည်။ 

အနောက်နိုင်ငံများသည် ရုရှကို အပြစ်ပေးဒဏ်ခတ်ခြင်းများ ကြေညာရာတွင် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုကို ပြသသော်လည်း ရုရှ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ဒဏ်ခတ်ပိတ်ဆို့ရေးတွင်မူ မတူကွဲပြား ရှိနေကြသည်။ 

ဥရောပနိုင်ငံများက ရုရှစွမ်းအင်အပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ရေး နည်းလမ်းရှာနေစဉ် ပူတင်က ‘ရင်းနှီးသော’ နိုင်ငံများဆီ တင်ပို့နိုင်ရေး မျှော်လင့်လျက် ရှိနေသည်။ 

ဥရောပ ‘ပရမ်းပတာ လုပ်ရပ်မျာ’ က ၎င်းတို့၏ ကိုယ်ပိုင် စီးပွားရေးကို ပျက်စီးဆုံးရှုံးစေရုံ သက်သက်မဟုတ်ဘဲ ရုရှအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ဝင်ငွေကို တိုးပွားစေခြင်းသို့ ဦးတည်စေလိမ့်မည်ဟု ပူတင်က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly