ဗီယက်နမ်ကို တရုတ်က ငါးဖမ်းခွင့်တားမြစ်ခြင်းသည် တောင်တရုတ်ပင်လယ်တွင် အချုပ်အခြာအာဏာ ပဋိပက္ခများ ဖြစ်ပေါ်စေ

ဗီယက်နမ်ကို တရုတ်က ငါးဖမ်းခွင့်တားမြစ်ခြင်းသည် တောင်တရုတ်ပင်လယ်တွင် အချုပ်အခြာအာဏာ ပဋိပက္ခများ ဖြစ်ပေါ်စေ

တရုတ်က ဗီယက်နမ်နှင့်ဖိလစ်ပိုင်တို့အား တောင်တရုတ်ပင်လယ်တွင် ငါးဖမ်းခြင်းမပြုရန် တားမြစ်ချက်သည် အချုပ်အခြာအာဏာပဋိပက္ခများနှင့် ညိစွန်းလျက်ရှိသည်။

တားမြစ်ချက်သည် မေလမှ ဩဂုတ်လအထိ ကြာမြင့်ပြီး မြောက်ဘက် ၁၂ ဒီဂရီလတ္တီကျုရှိ ပင်လယ်ရေ မျက်နှာပြင်အားလုံးအထိ တိုးချဲ့ထားသည်။ တရုတ်ကန့်သတ်ချက်အောက်ရှိ ဧရိယာများတွင် တုံကင် ပင်လယ် ကွေ့ နှင့် ပါရာဆယ်ကျွန်းများပါဝင်ပြီး ၎င်းတို့ကို တရုတ်က ထိန်းချုပ်ထားကာ ဗီယက်နမ်ကလည်း ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။

“အရှေ့ပင်လယ်ပြင်မှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထိန်းသိမ်းထားနိုင်ဖို့ အခြေအနေတွေကို ရှုပ်ထွေးမနေစေဘဲ အရှေ့ပင်လယ် (တောင်တရုတ်ပင်လယ်) မှာ ဇီဝရင်းမြစ်တွေကို ထိန်းသိမ်းနိုင်မယ့် စီမံချက်တွေ လုပ်ဆောင်ရင်း ပါရာဆဲကျွန်း၊ အချုပ်အခြာအာဏာ အခွင့်အရေးတွေနဲ့ ရေကြောင်းဇုံစီရင်ပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး ဗီယက်နမ်ရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ တရုတ်ကို
မေတ္တာရပ်ခံပါတယ်” ဟု ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

တရုတ်၏ ကမ်းဝေးငါးဖမ်းမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများဖြစ်ပေါ်နေသည့် မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုထွက်ပေါ်ချိန်တွင် ယခုတားမြစ်ချက် ထုတ်ပြန်လာခြင်းဖြစ်သည်။

ဗြိတိန်အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Environmental Justice Foundation မှ မတ်လတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ငါးဖမ်းလုပ်ငန်းခြေရာသည် ကျယ် ပြောပြီး ပွင့်လင်းမှုမရှိသလို တစ်ခါတစ်ရံ တရားမဝင်ကြောင်း ဖော်ပြထားသည်။

တရုတ်၏ ကမ်းဝေးငါးဖမ်းလှေအရေအတွက်ကို အတိအကျမသိရသော်လည်း အစင်းရေပေါင်း ၂ ၇၀၀ ဝန်းကျင်ခန့်ရှိသည်ဟု အချို့က ခန့်မှန်းသည်။ တရုတ်သည် တခြားနိုင်ငံများ၏ ရေပိုင်နက်များရှိ ကမ္ဘာ့အကြီးဆုံး ရေယာဉ်အုပ်စု ၁၀ ခု၏ ကမ်းဝေးငါးဖမ်းမှု ၃၈ ရာခိုင်နှုန်းခန့်ပိုင်ဆိုင်သည်။

တရားမဝင်သော၊ အစီရင်မခံသော၊ စည်းကြပ်ခြင်းမရှိသော ငါးဖမ်းမှုအများအပြားတွေ့ရခြင်း၊ ဆွဲပိုက်ဖြင့် ဖမ်းခြင်းကဲ့သို့ ပျက်စီးစေသောအလေ့အထများနှင့် အတင်းအကျပ် ချုပ်နှောင်ထိန်းသိမ်းကာ လုပ်သားကျွန် အပါအဝင် လုပ်သားလူကုန်ကူးခြင်းနှင့် ရွှေ့ပြောင်းလုပ်သားများကို ခေါင်းပုံဖြတ်ခြင်းတို့ကို အစီရင်ခံစာများတွင် ဖော်ပြထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly